မြဝတီမြို့ဘက်သို့ မှောင်ခိုတင်သွင်းရန် စက်သုံးဆီတင်ဆောင်လာသည့် ယာဉ် ၆ စီးကို ထိုင်း- မြန်မာနယ်စပ်၊တာ့ခ်ခရိုင်၊ ဖုတ်ဖရ(Phop Phra)မြို့နယ်အတွင်း ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီအချိန်တွင်တာ့ခ်ခရိုင်ရဲတပ်ဖွဲ့နှင့် ဖုတ်ဖရရဲတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။
ဖမ်းဆီးရမိသည့် ယာဉ်အားလုံးတွင် စက်သုံးဆီလီတာ စုစုပေါင်း ၆,၀၀၀၀ ခန့် ပါဝင်ပြီး အမိုးအကာများဖြင့် ဖုံးအုပ်၍တင်ဆောင်လာသည့်အတွက် ထိုင်းရဲတပ်ဖွဲ့တို့က သံသယရှိ စစ်ဆေးရာမှ ဖမ်ဆီးမိခဲ့သည်ဟု သိရသည်။

ယာဉ်မောင်း ၆ ဦးစလုံးကို ဖုတ်ဖရရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး စုံစမ်းစစ်ဆေးရာ၌ မြန်မာနိုင်ငံဘက်သို့ ဒီဇယ်ဆီများ ပို့ဆောင်ရန်ဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းအာဏာပိုင်များက ဆိုသည်။ ထို့ကြောင့် ၎င်းတို့ကို ဥပဒေအရ ဆက်လက်အရေးသွားမည်ဟု သိရသည်။
ယခုနှစ်အတွင်း ထိုင်း- မြန်မာ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ စဉ်ဆက်မပြတ် ဖြစ်ပွားနေပြီး စက်သုံးဆီမှောင်ခိုသယ်ယူမှုကိုလည်း ထိုင်းအာဏာပိုင်များက မကြာခဏ ဖမ်းဆီးရမိနေသည်။
ထိုင်းအာဏာပိုင်များအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို တင်းကြပ်စွာ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်နေသော်လည်း မြန်မာစစ်တပ်နှင့် ဒေသခံအဖွဲ့အစည်းများက မှောင်ခိုတင်ပို့မှုများကို သွယ်ဝိုက်သောနည်းဖြင့် လက်ခံနေသောကြောင့် တားဆီးရန် ခက်ခဲနေသည်ဟု ထိုင်းမှ မီဒီယာများထံကို ဆိုထားသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းလည်း တာ့ခ်ခရိုင်၌ မြန်မာဘက်သို့ မှောင်ခိုပို့ဆောင်မည့် ဒီဇယ်လီတာ ၄၀,၀၀၀ ကျော်ကို ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာဘက်တွင်လည်း ဩဂုတ်လ (၁၈) ရက်နေ့မှစ၍ မြဝတီမြို့ရှိ ထိုင်း – မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားကို စစ်ကော်မရှင်က တစ်ဖက်သတ်ပိတ်ဆို့လိုက်သည့်အပြင် ဘာအံမြို့မှ မြဝတီသို့ တင်ပို့မည်ကုန်ပစ္စည်းနှင့် စက်သုံးဆီများကို ကန့်သတ်ပိတ်ဆိုးထားခြင်းကြောင့် မြဝတီမြို့တွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်လာပြီး ကုန်ဈေးနှုန်းလည်း မြင့်တက်လျှက်ရှိသည်။