ပြည်ပမှကုန်စည်နှင့် အသုံးအဆောင်ပစ္စည်း ၃၅ မျိုးခန့်ကို စစ်တပ်မှတင်သွင်းခွင့် ပိတ်ပင်ထားသည့်နောက် မွန်ပြည်နယ်တွင် အဆိုပါကန့်သတ်ထားသည့် ကုန်ပစ္စည်းအမျိုးအမယ်အချို့ပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်လျှက်ရှိသည်ဟု လက်လီလက်ကား အရောင်းဆိုင်များထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်မှစ၍ ပြည်တွင်း၌ နေ့စဉ်အသုံးပြုနေသည့် ပြည်ပမှလူသုံးကုန် ပစ္စည်း ၃၅ မျိုးကို တင်သွင်းခွင့်ပိတ်လိုက်ကြောင်းကြေညာထားသည့်အပြင် ယနေ့တွင်လည်း အမှတ် ၂ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကုန်ပစ္စည်တင်သွင်းခွင့်ကို မြန်မာဘက်မှ ပိတ်ပင်ကြောင်း ထုတ်ပြန်ထားသည်။
ပိတ်ပင်ထားသည့် ပစ္စည်းစာရင်း ၃၅ မျိုးတွင် ပါဝင်သည့် သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ၊ တစ်ရှူး၊ သကြားလုံး၊ ခေါက်ဆွဲ၊ ကြာဇံ၊ ဘီစကစ်၊ ပဲငံပြာရည်၊ ကြက်အူချောင်း၊ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ အမွှေးတိုင်၊ သစ်သီး၊ ဌက်သိုက်၊ အင်ဂျင်ဝိုင်၊ တာယာ၊ကျွတ်၊ ဘိလပ်မြေ၊ လူကြီးဒိုက်ဘာစသည့်ပစ္စည်းများ သြဂုတ်လဆန်းပိုင်းမှစ၍ တင်သွင်းခွင့်မရှိနေကြောင်း သိရသည်။
လက်ရှိမော်လမြိုင် ပွဲရုံတို့တွင် ကုန်ပစ္စည်းအချို့ပြတ်လပ်နေပြီး၊ မြို့နယ်လက်လီ၊ လက်ကားဆိုင်များအတွင်း သိုလှောင်ပစ္စည်းများဖြင့်သာ ရောင်းချနေရသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးကဆိုသည်။

“ပစ္စည်းတွေပြတ်ပြီးဈေးတက်နေတာပဲ။ သိုလှောင်ထားတဲ့ဟာတွေရှိတော့ အဲ့လိုပဲရောင်းနေတာပေါ့နော်။ မော်လမြိုင်ပွဲရုံတွေဆိုပြတ်တာပေါ့။ အခုမြို့နယ်လက်လီလက်ကားဆိုင်တွေကျတော့ ဝယ်လိုအား ထက်ပိုပြီး ဝယ်ထားတာရှိတယ်ဆိုတော့ ပဲခူးတို့ရန်ကုန်တို့ဆိုဈေးအများကြီးတက်မယ်"ဟု ၎င်းကပြောသည်။
ယခုရက်ပိုင်းအတွင်း စားအုန်းဆီ ၅ လီတာပုံးတစ်ပုံလျှင် ၃၆၀၀၀မှ ၃၇၀၀၀ ကျပ်မြင့်တက်လာကြောင်း၊ စပွန်ဆာအချိုရည်တစ်ကဒ်လျှင် ၃၃၀၀၀ မှ ၄၀၀၀၀ ကျပ်၊ဆပ်ပြာမှုန့် ၅၀၀၀ ကျပ်ဝန်းကျင်မှ ၆၀၀၀ ကျပ်ဖြင့် လက်လီဆိုင်တို့တွင် ကုန်စည်ဈေးနှုန်းပြောင်းအလဲရှိလာသည်။
ပြည်ပမှတင်သွင်းကန့်သတ်လိုက်သည့် ကုန်ပစ္စည်းများအနက် ဆေးဝါးလည်းပါဝင်နေသည့်အတွက် ဆေးဝါးပြတ်လပ်မှုဖြစ်မည်ကိုလည်း စိုးရိမ်နေရသည်ဟုလည်း ဆေးဝါးရောင်းချနေသူများမှ ဆိုသည်။
ယနေ့သြဂုတ် ၁၈ ရက်တွင် မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ အားမြန်မာဘက်ခြမ်းမှ ယာယီပိတ်ထားကြောင်း ပြောဆိုထားသော်လည်း မြဝတီမြို့အတွင်းသို့ တစ်နိုင်တစ်ပိုင်တင်သွင်းခွင့်ရှိနေဆဲဖြစ်သဖြင့် မြို့တွင်းကုန်စည်ပြတ်လပ်ခြင်းမရှိသေးကြောင်း မြို့ခံကုန်စုံဆိုင်ရောင်းချနေသူတစ်ဦးကဆိုသည်။
“ထိုင်းကလာတဲ့ပစ္စည်းတွေကိုပိတ်တယ်ပေါ့၊ မြဝတီမှာတော့ ထိုင်းကုန်တွေမပြတ်သေးဘူး ေဈေးနှုန်းပဲတက်လာတယ်၊ ၁၅၀ ဝယ်နေကျဆို ၁၇၀ ဖြစ်လာတယ်၊စားဆီဆိုလည်း ၈၉၀ ကနေ ၉၈၅ အထိတက်နေတယ်၊ ဓာတ်ဆီဆို ၇၅၀ ဘတ် ကနေ ၉၈၅ အထိဖြစ်လာတယ်၊ သူတို့ယာယီပိတ်လိုက်တာက မြန်မာဘက်ကိုပဲ မပေးဝင်တာ၊ မြဝတီကသူတွေက သုံးဖို့ အတွက်ကျတော့ တစ်နိုင်တစ်ပိုင်ရတယ်၊ တားမြစ်ထားတဲ့ကုန်တွေဆိုရင်တော့ လုံးဝပေါ့” ဟု ၎င်းကပြောသည်။
စစ်ကောင်စီမှတရားဝင်အခွန်ရယူလိုခြင်းနှင့် ဒေါ်လာငွေမထွက်စေလိုသည့်အတွက် ယခုကဲ့သို့ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုကန့်သတ်လိုက်ခြင်းဖြစ်ပြီးသည်ဟုလည်း ကုန်သည်များက သုံးသပ်သည်။
ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် အိမ်စီးကားဖြင့်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်ဖြင့်လည်းကောင်း တင်ဆောင်လာသည့်ကုန်ပစ္စည်းများကို မြဝတီ-ဘားအံလမ်း စစ်ဆေးရေးဂိတ်နှင့် ဘုရားသုံးဆူ-အဘစ်လမ်းပိုင်းတွင်လည်း စစ်ဆေးတင်းကြပ်လျှက်ရှိသည်။
နယ်စပ် ကုန်ပစ္စည်းများကို လာဘ်ငွေရယူကာ လွှတ်ပေးခဲ့သည်ဟုဆို၍ စစ်ကောင်စီ ဝန်ထမ်း ၁၅ ဦးကို အရှေ့တောင်တိုင်းအဖွဲ့မှ စစ်ဆေးမှု လုပ်ဆောင်ခြင်းနေသည့်အပြင် ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် တင်ဆောင်လာသည့် ကုန်တင်ယာဉ်အချို့ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။