မိမိတို့၏ ရပိုင်ခွင့် အခွင့်အရေးဖြစ်သော ပြည်နယ်သစ်တစ်ခု ရရှိရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) မှ ဒုဥက္ကဋ္ဌ (၂) ဦးအေးမောင်က ပြောသည်။
ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပါက ပြည်နယ်သစ်များ လိုအပ်သလို ပလောင်လူမျိုးများအနေဖြင့် ပြည်နယ်ရလိုပြီး ကိုယ့်ဒေသတွင် လွတ်လပ်စွာ အုပ်ချုပ်ပိုင်ခွင့်အတွက် တောင်းဆိုနေမှာဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးအေးမောင်က “ပြည်နယ်သစ်ပေါ်ပေါက်ရေးဆိုတာ ကျနော်တို့ရဲ့ အခွင့်အရေးပဲလေ၊ တိုင်းရင်းသားရဲ့ အခွင့်အရေးပဲ ကျနော်တို့ ပြည်နယ်လိုချင်တဲ့ တိုင်းရင်းသားတွေက ကိုယ့်ဟာကိုယ်တော့ ပေါ်လာမှာပဲ တောင်းစရာရှိတာ ကျနော်တို့ တောင်းရမှာပဲ၊ ပေးစရာရှိတာ သူတို့ပေး ကျနော်တို့ တောင်းရမှာပဲ၊ တောင်းဖို့ တာဝန်က ကျနော်တို့ တာဝန်ပဲလေ၊ ဘယ်တိုင်းရင်းသားမဆို လွတ်လွတ်လပ်လပ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ချင်တယ်၊ ဖက်ဒရယ်မူ သွားချင်တယ် ဒါက တောင်းစရာရှိတာ တောင်းရမှာပဲ၊ အခု “ဝ” လည်းတောင်းတယ်၊ “ဝ”ပြည်နယ်လို့ အသုံးအနှုန်း ရှိသွားပြီလေ၊ ပလောင်မှာလည်း ပလောင်ပြည်ဆိုတာ အခုသူတို့ (TNLA) သူတို့ သုံးနှုန်းနေတာပဲ၊ တောင်းတာတော့ ကျနော်တို့ တာဝန်၊ ကျနော်တို့လည်း အခုမူပြောင်းနေပြီ” ဟု ပြောသည်။
လက်ရှိတွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ တအာင်းအရပ်ဖက် အဖွဲ့အစည်းများ၊ မိမိတို့ TNP တို့ ပူးပေါင်း၍ တအာင်းပြည်ကောင်စီ Ta’ang Land Council (TLC) ကို ဖွဲ့စည်းထားကြောင်း ဦးအေးမောင်က ဆက်ပြောသည်။
တဖက်မှာလည်း TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုက်ရရှိထားသော ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်အများအပြားကို တအာင်းပြည်ဟု သုံးစွဲခေါ်ဝေါ်နေသလို အုပ်ချုပ်ရေး ယန္တားများလည်း ထူထောင်လျက်ရှိနေကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံကို တိုင်းဒေသကြီး (၇) ခု၊ ပြည်နယ် (၇) ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခု နှင့် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ကို ဥပဒေအရ ထည့်သွင်းရမှာဖြစ်ကြောင်း၊ ပြည်နယ်သစ်မပေါ်ပေါက်ပါက ဖက်ဒရယ် ပုံစံမှာ မပြည့်စုံဟု ပြောရမှာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“ပြည်နယ်သစ်ပေါ်ထွန်းရေးဆိုတာတော့ ဖက်ဒရယ် အခြေခံမူမှာ ပါကိုပါတဲ့ ကိစ္စပါ၊ ဖက်ဒရယ်တိုင်းပြည် အားလုံးမှာ မူလစတင်စုဖွဲ့တုန်းက ပြည်နယ်နဲ့ နောက်ပိုင်းမှာ ပြည်နယ်သစ်တွေ ပေါ်လာတဲ့အတွက် ပြည်နယ်သစ်တွေရဲ့ အခန်းကဏ္ဍက ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သတ်မှတ်ချက်နဲ့ ညီလို့ရှိရင်ပေါ့ဗျာ၊ ပေါ်ထွန်းခွင့် ရှိစေရမယ်ဆိုတဲ့ ဥပဒေတစ်ရပ်ကတော့ ပြဌာန်းရမှာပဲ လက်နက်ကိုင်တိုက်ပြီးတော့ ပေါ်ထွန်းတာတော့ မဟုတ်ဘူး။ အခြေခံဥပဒေက ခွင့်ပြုသည်နှင့်အမျှ ပေါ်ထွန်းနိုင်တယ်ဆိုတာ ဒီလိုပဲ၊ ကိုလိုနီနယ် ၁၃ နယ်ကနေ စတဲ့ အမေရိကန်နိုင်ငံဟာ အခု ပြည်နယ် ၅၀ ဖြစ်သွားပြီ၊ ပြည်နယ်သစ်မပေါ်ဘဲနဲ့ ဖက်ဒရယ်က ပုံစံ မပြည့်စုံဘူးပေါ့၊ အိန္ဒိယမှာလည်း ဒီလိုပါပဲ အိန္ဒိယစဖွဲ့တုန်းက ပြည်နယ်နဲ့ အခုဆို ၂၉ ပြည်နယ်၊ ပြည်နယ်သစ်တွေ အများကြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပေါ်လာတဲ့အတွက် ဥပဒေနဲ့အညီ ပေါ်ပေါက်ခွင့် ရှိလာကြတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
အားလုံးလက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်မှသာ တရားဝင်ပြည်နယ်ဟု အများက လက်ခံကြကြောင်း၊ ပြည်နယ်သစ်များ ဖွဲ့စည်းထူထောင်နိုင်ခွင့်ကို လာမည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအသစ်များတွင် ပြဌာန်းရန် မိမိတို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက တောင်းဆိုမှု ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်ထောင်စု တည်ဆောက်ရာတွင် အမျိုးသား တန်းတူရေးအတွက် ဗမာပြည်နယ်ဖွဲ့စည်းရန် ပြောဆိုမှုများ ရှိနေသော်လည်း အဆိုပါ ကိစ္စရပ်အပေါ် အငြင်းပွားမှုများ ရှိနေသည်ဟု နိုင်ငံရေးသမားများက ပြောသည်။
လက်ရှိတွင် “ဝ”၊ တအာင်း (ပလောင်)၊ ပအိုဝ်း၊ ရှမ်းနီ နှင့် လီဆူလူမျိုးစုတို့သည် ပြည်နယ်သစ်များ ဖွဲ့စည်းပေးရန် တောင်းဆိုမှုများ ရှိနေသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများလည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ကွန်ဖက်ဒရေးရှင်း ရရှိရေး စသဖြင့် မတူညီသော ကြိုးပမ်းမှုများလည်း ရှိနေသည်။