စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်မှ ဒေသခံများ သွားလာစစ်ဆေးတင်းကြပ်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဆိုသည်။
စစ်ကောင်စီအနေဖြင့် လက်နက်ကိုင်တိုက်ခိုက်မှုများချုပ်ငြိမ်းရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ မြို့နယ် ၆၃ ခုကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားသည်။
စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်အပြင် NMSP-AD နှင့် KNU ထိန်းချုပ်မှုအောက်ရှိနေသည့်အတွက် တိုက်ပွဲဖြစ်ပွားမှုအပြင် သွားလာစစ်ဆေးတင်းကြပ်ခံရမည်ကို စိုးရိမ်နေရသည်ဟု ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ဆိုသည်။

“ ကျနော်တို့ဘက်မှာတော့စစ်ရေးနဲ့တိုက်ပွဲပိုပြီးတော့ ပြင်းထန်လာနိုင်တဲ့ အခြေအနေရှိလာနိုင်မယ် ဘာလို့ဆိုကျနော်တို့ဒီဘက်ခြမ်း တော်တော်များများက KNU လက်အောက်မှာရှိတယ်၊ AD လက်အောက်မှာရှိတယ်၊ အဲ့လိုရွာဘက်ပိုင်းမှာတော့ အုပ်ချုပ်ရေးအပိုင်းက ဘာမှသိပ်မဖြစ်ပေမဲ့၊ သွားလာရေးအခြေအနေရော အစစ်ဆေးခံရတာတွေရောများနိုင်တယ် စိုးရိမ်ရနိုင်တယ်"ဟု ပြောသည်။
ထို့ကြောင့် ကော့ကရိတ်မြို့အတွင်း ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ရန် စစ်ကောင်စီမှ ဖိအားပေးနေသော်လည်း ပြန်လည်နေထိုင်သူမရှိသည့်အပြင် ဌာနဆိုင်ရာရုံးနှင့် အဆောက်အဦးအများစု အပျက်အစီးအတိုင်းသာရှိနေသည်။
ရွေးကောက်ပွဲလုပ်ဆောင်ရန်အတွက် ၃ လအတွင်း အဆိုပါမြို့များကို ရသမျှနည်းလမ်းဖြင့်ပြန်လည် ထိန်းချုပ်သွားရန်ရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ခုခံမည်ဆိုပါက တိုက်ပွဲပြင်းထန်လာနိုင်ပြီး မြို့တွင်းအလုံးစုံပျက်စီးသွားနိုင်သည်ဟုလည်း စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။
“ဒီ ၃လအတွင်းက သူတို့ရွေးကောက်ပွဲအတွက် ထိန်းသွားမယ်၊ ကျနော့်အထင် နောင်ချိုလိုမျိုးအကုန်လုံးဖျက်စီးလိုက်မယ်။ အဓိကသူတို့ မြို့ကိုရဖို့ပဲ၊၊ ဒီအတောအတွင်း တိုက်ပွဲပြင်းထန်နိုင်တယ်၊ အဲ့တာက တော်လှန်ရေးအဖွဲ့တွေအပေါ်မှာပဲမူတည်တယ်။သူတို့ဘက်က အနစ်နာခုခံပြန်တိုက်နေသေးရင် ဖြစ်နိုင်တယ်” ဟု၎င်းက ပြောသည်။
အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များသည် ကရင်ပြည်နယ်မှ ၂ မြို့နယ်၊ ကချင်ပြည်နယ်မှ ၅ မြို့နယ်၊ ကယားပြည်နယ်မှ ၃ မြို့နယ်၊ ချင်းပြည်နယ်မှ ၇ မြို့နယ်၊ ရခိုင်ပြည်နယ် ၁၄ မြို့ နယ် ၊ ရှမ်းပြည်နယ် ၁၅ မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ ၁၅ မြို့နယ်ပါဝင်သည်။
အဆိုပါမြို့နယ်များတွင် အခြေအနေအပေါ်မူတည်ပြီး၊ တိုင်းမှူးများမှ စစ်အုပ်ချုပ်ရေးအာဏာများကို ကျင့်သုံးနိုင်သကဲ့သို့၊ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကိုယ်တိုင်၌လည်း ကျင့်သုံးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အုပ်ချုပ်ရေးကြေညာချက်အတွင်း မပါဝင်သည့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသအတွင်းသို့ ပြီးခဲ့သည့် သြဂုတ် ၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီမှ Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။
ထို့ကြောင့် စစ်ကောင်စီ၏ လေကြောင်းရန်ကို ရှောင်ရှားနိုင်ရန် စစ်အုပ်ချုပ်ရေးအဖြစ်သတ်မှတ်ခံထားရသည့် နေရာမှ ဒေသခံများအပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှလည်း လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာကြရန် လူ့အခွင့်အရေးလှုပ်ရှားသူများက တိုက်တွန်းထားသည်။