spot_img
Tuesday, July 15, 2025
More
    spot_img
    Homeသတင်းအခြေခံပညာကျောင်းတို့တွင် တိုင်းရင်းသားစာပေသင်ကြားမှု ရပ်ဆိုင်းလုနီးပါးဖြစ်လာ

    အခြေခံပညာကျောင်းတို့တွင် တိုင်းရင်းသားစာပေသင်ကြားမှု ရပ်ဆိုင်းလုနီးပါးဖြစ်လာ

    -

    မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းတို့တွင် တိုင်းရင်းသားစာပေသင်ကြားနေသည့် မွန်၊ကရင်၊ပအိုဝ်း ဆရာ၊ဆရာမများ မခန့်ထားနိုင်သဖြင့် စာသင်ကျောင်းအတွင်း တိုင်းရင်းသားစာပေသင်ကြားမှု ရပ်ဆိုင်းလုနီးပါးဖြစ်နေသည်ဟု သိရသည်။

    အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်တာဝန်ထမ်းဆောင်ခြင်းမရှိတော့သည့် တိုင်းရင်းသားစာပေ သင်ကြားရေးဆရာ၊ဆရာမများ၏ လစ်လပ်နေရာများကို အစားထိုးခန့်ထားနိုင်ခြင်းမရှိဘဲ တိုင်းရင်းသားစာပေ အဓိကသင်ကြားနေသည့် ကျိုက်မရော၊မုဒုံ၊သံဖြူဇရပ်နှင့် ရေးမြို့နယ်ရှိစာသင်ကျောင်းအများစုတွင် သင်ကြားရေး ရပ်နားထားရကြောင်း စစ်ကောင်စီ ပညာရေးဝန်ထမ်းတို့မှ သိရသည်။

    သက်ဆိုင်ရာမြို့နယ်ပညာရေးရုံးမှ  Teaching Assistant(TA) နှင့် Language Teacher (LT) နေရာတို့အတွက် ဆရာ၊ဆရာမများကို နှစ်စဉ် ခေါ်ယူနေသော်လည်း ဝင်ရောက်လျှောက်ထားသူမရှိဟု ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

    "လစာ ၁ သိန်းနဲ့ ဘယ်သူမှမသင်နိုင်ကြဘူ့းလေ၊ ကျမတို့ရွာမှာ ကျောင်းအားလုံး ၆ ကျောင်းရှိတဲ့အထဲမှာ ဒီနှစ် ၃ ကျောင်းလောက်ပဲသင်နိုင်တယ်၊ နှစ်တိုင်းလည်းခေါ်နေတယ်၊ ဘယ်သူမှ လုပ်တဲ့သူမရှိနေဘူးလေ"ဟု ပြောသည်။

    စစ်ကောင်စီ မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခင်စာနှစ်အတွင်း TA ရာထူးအတွက် အလုပ်လျှောက်ထားသူတို့ကို လာမည့် စက်တင်ဘာလအတွင်း သင်တန်းပို့ချသွားမည်ဖြစ်ပြီး တိုင်းရင်းသားစာပေ သင်ကြားရေးဆရာ၊ဆရာမလိုအပ်ချက်ရှိသည့်ကျောင်းသို့ ခန့်အပ်သွားမည်ဟုလည်း IMNA ကိုပြောသည်။

    "ထပ်ပြီးခန့်ဖို့က အများကြီးရှိမယ်၊ စက်တင်ဘာလမှာ သင်တန်းတွေခေါ်မယ်၊ မနှစ်ကတည်းက လျှောက်လွှာတွေတင်ထားပြီးပြီးပေါ့နော်၊ ဒါမဲ့ ခြောက်လပိုင်း၊ခုနှစ်လပိုင်းနဲ့ ရှစ်လပိုင်းမှာတော့ ခေါ်ဖို့မရှိဘူး ကိုးလပိုင်းမှာသင်တန်းခေါ်မယ် ခေါ်ပြီးတာနဲ့ သင်ကြားရေးဆရာ၊ ဆရာမတွေ ထပ်ဖြည့်ပေးဖို့ရှိတယ်"ဟု တာဝန်ရှိသူက ဆိုသည်။

    လစာနှင့် အကျိုးခံစားခွင့်နည်းပါးခြင်း

    ယခုပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာသင် ဆရာ၊ဆရာမများ အလုပ်ထွက်မှုနှုန်း အမြင့်ဆုံးဖြစ်နေပြီး နည်းပါးသည့် လစာခံစားခွင့်တို့အပြင် ခွဲခြားဆက်ဆံခံရမှုတို့ကြောင့် ဖြစ်သည်ဟုလည်း တိုင်းရင်းသားစာပေသင် ဆရာ၊ဆရာမများက ဆိုသည်။

     ထို့အပြင် ဆရာ၊ဆရာမအချို့ အမြဲတမ်းဝန်းထမ်းဖြစ်ရေးနှင့် ပင်စင်လစာ ခံစားခွင့်ရရှိရန်အတွက် ဘက်ပြောင်းကာ(PPTT) ဖြေဆိုလျှောက်ထားပြီး လက်ထောက်မူပြအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခြင်းတို့လည်း ရှိနေသည်။

    တိုင်းရင်းသားစာပေသင်ဆရာ၊ဆရာမများသည် စာသင်ကျောင်းအတွင်း တိုင်းရင်းသားစာပေအပြင် အခြားလိုအပ်သည့်ဘာသာရပ်တို့ကို ဝင်ရောက်ကူညီနေရပြီး လစာနှုန်းထားသည် Teaching Assistant(TA) တစ်ဦး ၁ သိန်း ၃ သောင်းကျပ် language Teacher (LT) တစ်ဦးလျှင် ၆ သောင်းကျပ်နှုန်းဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က တိုးမြှင့်သတ်မှတ်ပေးထားသည်။

    သို့သော် နွေရာသီကျောင်းပိတ်ရက်ရှည်၊ စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့်နေ့တို့အတွက် နေ့စားလုပ်အားခမရရှိသည့်အပြင် ထောက်ပံ့ကြေးနှင့် အခြားအကျိုးခံစားခွင့် တစ်စုံတစ်ရာတို့လည်း မရရှိပေ။

    လူမျိုးကိုအကျိုးပြု၍ ဂုဏ်ယူရသည့် အသက်မွေးဝမ်းကျောင်းဖြစ်သော်လည်း ရေရှည်ဘဝအတွက် အာမခံချက်မပေးနိုင်သဖြင့် အခြေခံပညာကျောင်းတို့တွင် တိုင်းရင်းသာစာပေ သင်ကြားနေသည့်အစီစဉ် ဆုံးရှုံးသွားနိုင်ကြောင်းလည်း မွန်တိုင်းရင်းသားစာပေသင် ကျောင်းဆရာတစ်ဦးက ဆိုသည်။

    "နိုင်ငံတော်က ပြည်ထောင်စုဆိုတဲ့ဟန်နဲ့ အလှပြသာသာ ခန့်ထားပေမဲ့ မွန်တိုင်းရင်းသားစာပေ  သာမက ဘဝတူတိုင်းရင်းသားတွေနဲ့ စာပေကဏ္ဍမှာ အိမ်ဖော်သာသာ သတ်မှတ်ခံရတာပါ။ရှင်းရှင်းပြောရလျှင် အရင်းရှင်ကြားမှာ ကျွန်အဖြစ်သာ ထားခံရတာပါ"ဟု ပြောသည်။

     အပိုခံစားခွင့်အတွက် ကျောင်းသားမိဘတို့မှ ထောက်ပံ့မှုတို့ရှိသော်လည်း ရေရှည်မရပ်တည်နိုင်ကြောင်းလည်း ဆက်ပြောသည်။

    ထို့ကြောင့် လစာတိုးမြှင့်ရေးကိစ္စအတွက် ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတို့မှ ညှိနှိုင်းဆွေးနွှေးမှုလုပ်ဆောင်ထားပြီးဖြစ်သဖြင့် ယခုနှစ်အတွင်း ပြောင်းလဲမှုရှိလာနိုင်သည်ဟု အထက်ပါမွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူကဆိုသည်။

    ရေရှည်ဆက်လက်ရပ်တည်ရန်  မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့နှင့်အတူ မိဘပြည်သူတို့ ဝန်းရံရန် လိုအပ်လာ

    တိုင်းရင်းသားစာပေသင်ကြားရေး ရေရှည်ရပ်တည်နိုင်ရန် တိုင်းရင်းသားစာပေသင် ဆရာ၊ဆရာမများကို မွန်အမျိုးသားပညာရေးအဖွဲ့၊ ကျေးလက်၊ တိုက်နယ်နှင့် မြို့နယ်အဆင့်မှ မွန်စာပေအရေးလှုပ်ရှားသူတို့က ထောက်ပံ့ဝန်းရံမှသာ ထိရောက်သောပညာရေးဝန်ဆောင်မှုဖြင့် ဆက်လက်ထိန်းသိမ်းသွားနိုင်မည် ဖြစ်သည်။

    လက်ရှိတွင် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ Language Teacher (LT) မှ ဆရာ၊ဆရာမများကို Teaching Assistant(TA) ရာထူးအဆင့်ရရှိရန်သာ ဝိုင်းဝန်ပေးနေပြီး အခြားဆောင်ရွက်ပေးခြင်းမရှိပေ။

    တိုင်းရင်းသားစာပေသင်ကြားနေဆဲဖြစ်သည့် အခြေခံပညာကျောင်းတို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ ကျောင်းထိုင်ဆရာတော်နှင့် မိဘပြည်သူပူးပေါင်းမှုကြောင့်သာ ဆက်လက်လည်ပတ်နိုင်နေကြောင်း ရေဖြူမှမွန်ဒေသခံတစ်ဦးက ဆိုသည်။

    "ဒီဆရာ၊ ဆရာမက မသင်နိုင်တော့ဘူးဆိုရင် နောက်တစ်ယောက်ခေါ်ပြီး ဒီတစ်ယောက်က တစ်နှစ်လောက်တာဝန်ယူသင်ကြားပေးဖို့ အဲလိုလည်ပတ်နေတယ်၊ ဒါပေမဲ့ ရွာတိုင်းက အဲလိုမဟုတ်ဘူး၊ အချို့ရွာတွေက ရွာကလူကြီးတွေလည်း ဒုက္ခမခံဘူး ကျောင်းထိုင်ဘုန်းကြီးတွေကလည်း အားမပေးဘူးဆိုတော့ ဒီအတိုင်းပျက်သွားတဲ့ကျောင်းတွေလည်း အများကြီးပဲ"ဟု ပြောသည်။

    မွန်ဖတ်စာအုပ်များကို နှစ်စဉ်အသစ်ထုတ်ဝေခြင်းမရှိသည့်တွက် စာသင်ကြားရာတွင် လိုအပ်သည့်ဖတ်စာအုပ်တို့ကို မိဘပြည်သူနှင့် ကျောင်းထိုင်ဆရာတော်တို့၏ အထောက်အပံ့ဖြင့်သာ မိတ္တူဆွဲ၍ သင်ကြားနေရကြောင်းလည်း ဆက်ပြောသည်။

    မသင်မနေရဘာသာရပ်မဟုတ်သည့်အတွက် စိတ်ပါဝင်စားသူနည်းပါး

    TA ဆရာ၊ ဆရာမများကဲ့သို့ LT သင်ကြားရေးဆရာ၊ဆရာမများသည် တစ်ရက်လျှင် တိုင်းရင်းသားစာပေအတွက် စာသင်ချိန် ၄၅ မိနစ်ဖြင့် တစ်ပတ်လျှင် ၅ နာရီဝန်းကျင်ဖြင့် သင်ကြားခွင့်ရနေကြောင်း သိရသည်။

    ယခင်  အမျိုးသားဒီမိုကရေစီအစိုးရ ဦးဆောင်သည့်အချိန်ကပင် တိုင်းရင်းသားစာပေကို KG မှ Grade_5 အထိ ကျောင်းဖွံ့ဖြိုးရေးအချိန်တွင်သာ သင်ကြားခွင့်ပြုခဲ့သည်။ထို့အပြင် စာသင်ခန်းအတွင်းရှိ မတူညီသည့် အခြားတိုင်းရင်းသားလူမျိုးနှင့် သင်ယူလိုခြင်းမရှိသည့် ကျောင်းသားများ ဝင်ရောက်မသင်ယူခြင်း  ခွင့်ပြုထားသည်ဟု သိရသည်။

    မသင်မနေရ ဘာသာရပ်မဟုတ်သည့်အပြင် စာသင်ကြားချိန်နည်းနေသည့်အတွက် စိတ်ဝင်စားသူနည်းပြီး ထိရောက်မှုလည်းမရှိနေကြောင်း  မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားနေသည့် မွန်ဆရာတော်တစ်ပါးမှ မိန့်ကြားသည်။

    "ပေးထားတဲ့စာသင်ချိန်က ၄၅ မိနစ် ၁ နာရီတည်းပါ၊ အဲဒါကိုမှ သူတို့အလုပ်တွေပိုလုပ်နေရတော့ အရည်အသွေးတော့ သိပ်မရှိဘူး၊ အသီးအပွင့်လည်း သိပ်မမြင်မိဘူးနော်၊ ဆိုတော့ ကျောင်းရဲ့ ကျောင်းအုပ်တွေရဲ့စေတနာ အဓိကကျသလို ကျောင်းသားမိဘတွေလည်း ပူးပေါင်းပါဝင်မှ အဆင်ပြေမယ်လို့ထင်မိတာပေါ့နော်"ဟု ဆိုသည်။

    မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ်အပြင် စာသင်ကြားချိန်အတိအကျသတ်မှတ်ခြင်းဖြင့် ကျောင်းသူ၊သားတို့ တိုင်းရင်းသားဘာသာစာပေ အနာအကြား၊ အပြောအဆို၊ အဖတ်၊ အရေး စသည့် စွမ်းရည်တို့ကို ထိထိရောက်ရောက် လေ့ကျင့်နိုင်မည်ဟုလည်း ဆိုသည်။

    တိုင်းရင်းသားအကျိုးလိုလားသူ လူပုဂ္ဂိုလ်၊ ရဟန်း၊ အဖွဲ့အစည်းတို့မှ အမွန်စာပေအတွက်  ခက်ခက်ခဲခဲ တိုက်ပွဲဝင်လာခဲ့ပြီးနောက် ကျယ်ကျယ်ပြန့်ပြန့်သင်ကြားခွင့်ရလာသင့်အပေါ် လက်လွှတ်ရန်မသင့်ဘဲ အတူတကွထိန်းသိမ်းရန်လည်း တိုက်တွန်းထားသည်။

    တိုင်းရင်းသားစာပေ ပြန်လည်သင်ကြားခွင့်ရရှိမှုသမိုင်း

    ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ မွန်စာပေကို အစိုးရ ကျောင်းများတွင် သင်ကြားခွင့် လုံးဝပိတ်ပင်ခံခဲ့ရပြီး မြန်မာနိုင်ငံတောင်ပိုင်းတွင် နေထိုင်သည့် မွန်လူမျိုးများသည် အခြားတိုင်းရင်းသားများနည်းတူ မိခင်ဘာသာစာပေကို သင်ကြားခွင့် မရရှိတော့ပေ။

    ထို့နောက်၂၀၁၅ ခုနှစ်နောက်ပိုင်း အမျိုးသားဒီမိုကရေစီအစိုးရ ဦးဆောင်သည့်အချိန်တွင် တိုင်းရင်းသားစာပေသင်ကြားရန် အခွင့်အရေးရှိလာခဲ့ပြီး ကျောင်းချိန်ပြင်ပတွင် စတင်သင်ကြားခွင့်ရရှိလာသည်။

    တိုင်းရင်းသားစာပေတို့ကို အခြေခံပညာကျောင်းတို့တွင် သင်ကြားခွင့်ရပြီးနောက် သင်ကြားနေသည့်ကျောင်း၊ သင်ယူခွင့်ရလာသည့်ဘာသာစကားနှင့် စာပေတို့အပြင် သင်ယူနေသည့်ကျောင်းသား၊ကျောင်းသူတို့ တဖြည်းဖြည်းတိုးလာခဲ့သည်။ သို့သော် စစ်အာဏာသိမ်းကာလနောက်ပိုင်း လုံခြုံရေးနှင့် စားဝတ်နေရေးစိန်ခေါ်မှုတို့ကြောင့် တစ်ဖန်ဆုတ်ယုတ်လာခဲ့သည်။

    ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မွန်စာပေသင်ကြားနေသည့်ကျောင်း ၂၇၀ ကျောင်း၊ ကရင်စာပေသင်ကြားနေသည့်ကျာင်း ၂၇၃ ကျောင်း၊ ပအိုဝ်းစာပေသင်ကြားနေသည့်ကျောင်း ၃၀ ကျောင်းခန့်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းအရ သိရသည်။ သင်ကြားနေသည့် ဘာသာရပ်တို့သည် မွန်၊ကရင်(စကော၊ပိုး)နှင့် ပအိုဝ်းဘာသာတို့ အဓိကသင်ကြားလျှက်ရှိသည်။

     အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကား သင်ကြားမှု မပြည့်စုံခြင်း၊ မူလတန်းအဆင့်တွင်သာ တိုင်းရင်းသားဘာသာ သင်ကြားခွင့်ပြုထားခြင်းကြောင့် နေအိမ်အတွင်း မိခင်ဘာသာစကားကို မပြောဆိုသည့် လူငယ်များအတွက် ဆုံးရှုံးမှုများနေသည်။

    လူမျိုးတစ်မျိုး၏ စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းခွင့်

    လူမျိုးတစ်မျိုးတွင် စာပေနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းခွင့်၊ သင်ကြားခွင့်၊ တိုးတက်ပြန့်ပွားရန် ပြုလုပ်ပိုင်ခွင့်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် အတိအလင်း ဖော်ပြထားသော်လည်း မြန်မာနိုင်ငံအတွင်းတွင်ရှိသည့် တိုင်းရင်းသားလူမျိုးတို့  ယခုရပိုင်ခွင့်ကို မခံစားခဲ့ရသည်မှ အမှန်ပင်ဖြစ်သည်။

    ပညာရေးကဏ္ဍအတွင်း တိုင်းရင်းသားလူမျိုး၏ သက်ဆိုင်ရာ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု စသည်တို့ကို ထည့်သွင်းသင်ကြားစေခြင်းသည် မျှတသော လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်ဟု ဖော်ပြထားသည်။

    မြန်မာနိုင်ငံရှိ စာသင်ကျောင်းများတွင် တိုင်းရင်းသားလူငယ်များ မိခင်ဘာသာစကားဖြင့် စာသင်ကြားခွင့် ရရှိပါက ကျောင်းသားများ စာတတ်မြောက်မှုနှုန်း ပိုမိုတိုးမြင့်လာမည်ဟုလည်း မြန်မာ့နိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာကွန်ရက်မှ တာဝန်ရှိသူတို့မှလည်း ပြောဆိုထားသည်။

    သို့သော် ယနေ့ပဋိပက္ခနှင့် စစ်ရေးအကြပ်အတည်းများကြောင့် ကျောင်းဖွင့်လှစ်၍မရခြင်း၊ ဘာသာရေးနှင့် ပညာရေးအဖွဲ့များ လုပ်ငန်းမလည်ပတ်နိုင်ခြင်းသည်လည်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးတို့ မိမိတို့ စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းရန် စိန်ခေါ်မှု ဖြစ်နေသည်။

    UNESO မှ ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် စာရင်းအရ မြန်မာနိုင်ငံအတွင်းရှိ ဒေသသုံးဘာသာစကား ၁၀၀ ကျော်အနက်မှ ၂၀ မျိုးထက်မနည်းတို့သည် ပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိနေသည့် ဘာသာစကားများဖြစ်သည်ဟုလည်း သတ်မှတ်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,800SubscribersSubscribe
    spot_img

    Latest posts