Sunday, March 15, 2026
More
    spot_img
    Homeသတင်းကလိန်အောင်အခြေစိုက် စစ်ကောင်စီ၏ ခလရ-၂၈၂ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦး သေဆုံးဟု ဆို

    ကလိန်အောင်အခြေစိုက် စစ်ကောင်စီ၏ ခလရ-၂၈၂ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦး သေဆုံးဟု ဆို

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၈၂ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ဇူလိုင် ၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကလိန်အောင်မြို့အနီးရှိ ကော့လှိုင်ကျေးရွာကို ခလရ-၂၈၂ က လက်နက်ကြီး ၇ လုံးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကလေးငယ်များအပါအဝင် ၄ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

    “မနေ့ညနေက ကလိန်အောင်မှာ ရှိတဲ့ စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီးနဲ့ ၇ လုံး ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ နောက်ဆုံးပစ်ခတ်လာတဲ့တစ်လုံးက ကော့လှိုင်ရွာထဲက ပြည်သူနေအိမ်တစ် လုံးထဲကို ကျရောက်ပေါက်ကွဲသွားတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး။ အဲလိုရွာထဲကို လှမ်းပစ်တယ်။ အဲအိမ်ထဲမှာရှိတဲ့ မိသားစုတွေ အကုန်သေသွားတယ်။ တစ်ယောက်ကပဲ ပြင်းထန်ဒဏ်ရာ ရသွားပြီး တော့ ဆေးရုံးပို့ထားကြတယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၀ နှစ်အရွယ်ရှိ ဦးအေးခိုင်၊ အသက် ၁၁ နှစ်အရွယ်ရှိ မပွင့်ဖူးခိုင်၊ အသက် ၂ နှစ်အရွယ်ရှိ မောင်ထိန်လင်းနိုင်၊ အသက် ၁ နှစ်အရွယ်ရှိ မနှင်းဝေနိုင်တို့က နေရာတွင်ချင်း ပြတ်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရပြီး အသက် ၃၈ နှစ်အရွယ်ရှိ ဒေါ်ပပဝင်းတစ်ဦးသာ ပြင်းထန်ဒဏ်ရာရရှိ၍ ဆေးရုံးသို့ ပို့ဆောင်ပေးထားခဲ့ကြောင်း ဆိုသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က KNLA တပ်မဟာ ၆ ဦးဆောင်မှုဖြင့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့က စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခလရ-၂၈၂ မှ စစ်ကြောင်းနှစ်ကြောင်း အခြေပြုထားသည့် သုခ မဆုတ်တမ်းခံစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့သည်။

    ထိုကြောင့် ကလိန်အောင်အခြေစိုက် ခလရ ၂၈၂ မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လာခြင်း ဖြစ်သည်ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

    တနင်္သာရီတိုင်းဒေသကြီး ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရန် တော်လှန်ရေးပူးပေါင်းတပ်တို့က ပြင်ဆင်နေသလို စစ်ကောင်စီဘက်ကလည်း စခန်းမကျရေးအတွက် စစ်အင်အားဖြည့်တင်းနေသလို လက်နက်ကြီး၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks