ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စုအတွင်းရှိ ဆင်စွယ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့တို့က ယနေ့ (ဇွန် ၅ ရက်နေ့) တွင် ထုတ်ပြန်ခဲ့သည်။

ဇွန်လ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ဆင်စွယ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်ရန် သွားစဉ် နယ်မြေရှင်းလင်းရေးထွက်လာသော အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ပွဲကို မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တို့က လက်ဦးမှု ရယူနိုင်ခြင်းကြောင့် စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း သေဆုံးကာ ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲကြသည်ဟု သိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး ဆင်စွယ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း ကိုလည်း ၆၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ထပ်မံပစ်ခတ်ခဲ့သည်။
အဆိုပါတိုက်ပွဲကို မွန်ပြည်သစ်ပါတီ NMSP-AD/RMA၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ဒေါနစစ်ကြောင်း (၃)-KBDF၊ LPF၊ ဒေါနစစ်ကြောင်း ၂-YGF နှင့် Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။