မွန်ပြည်နယ်အတွင်း ကိုဗစ်ပိုးရောဂါပိုး ပြန်လည်တွေ့ရှိလာပြီးနောက် ကိုဗစ်ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းတို့ကို စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနမှ အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း လက်လှမ်းမမီသူတို့ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ရန်ကုန်မြို့မှ ကျိုက်ထိုမြို့သို့ ပြောင်းရွေ့လာသည့် အမျိုးသားတစ်ဦးထံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိထားသည့်အပြင် ယမန်နေ့ ဇွန် ၁၅ ရက်နေ့မနက်ပိုင်းတွင်လည်း လူနာသစ်တစ်ဦးထပ်မံတွေ့ရှိထားသည်။
ထို့ကြောင့် မြို့နယ်ကျန်းမာရေးဌာနများမှ COVID-19 ကာကွယ်ဆေးနှင့်ထပ်ဆောင်းကာကွယ်ဆေးတို့ကို ချောင်းဆုံ၊ ကျိုက်ထို၊ ရေးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံတို့တွင် ပြီးခဲ့သည့် ဇွန် ၁၂ ရက်နေ့မှစ၍ ထိုးနှံပေးနေပြီး လမ်းခရီးမလုံခြုံမှုနှင့် လိုင်စင်မဲ့ယာဉ် စစ်ဆေးဖမ်းဆီးနေခြင်းကြောင့် ကျေးလက်နေဒေသခံတို့အတွက် ကာကွယ်ဆေးထိုးနှံရန်အခက်ခဲရှိနေသည်။

“ယာဉ်မဲ့တွေကိုဖမ်းတယ်၊ စစ်ဆေးတာလည်း တင်းလာနေတယ်။ ပြီးတော့ ရွာက ကားတွေအကုန်ရပ်ထားတယ်၊ မသွားကြဘူး။ ငှါးတွေက အရမ်းဈေးကြီးတယ်။ မြို့ရောက်ဖို့က ဝေးတယ်။ သွားလာတာလည်း မလုံခြုံဘူး၊ မသွားရဲဘူး ” ဟု ကျိုက်ထိုမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုဒေသခံအများစု ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေအပြည့် ထိုးနှံခွင့်မရရှိထားသည့်အတွက် ရောဂါကူးစက်မှု ပြန်လည်ပြင်းထန်မည်ကို စိုးရိမ်နေကြရသည်။
အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့တို့ စိုးမိုးနယ်မြေတွင်တို့တွင် ကိုဗစ်ကာကွယ်ဆေးအပါအဝင် အခြားကျန်းမာရေးဝန်ဆောင်မှု သတင်းအချက်အလက်တို့ကို မသိရှိရကြောင်း ရေးဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“အရင်တုန်က ဆေးထိုးမယ်ဆို ရွာတွေကို ကြိုတင်အသိပေးတယ်။ အခုတော့ ဘာသတင်းမှမရဘူး။မြို့ပေါ်က သူတွေကိုပဲ ထိုးပေးတာ ထင်တယ်၊ရွာသူရွာသားတွေမပါဘူး” ဟု ပြောသည်။
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက ရောဂါပြင်းတန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့်အတွက် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံကြရန် မကြာခဏတိုက်တွန်းနေသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးလက်နေဒေသခံအများစု ၂၀၂၂ ခုနှစ်မှစ၍ ကိုဗစ်ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးတို့ကို ထိုးနှံခွင့်မရှိနေကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေပြည့် မထိုးနှံနိုင်သူတို့သည် ရောဂါကူးစက်နိုင်ချေပိုများခြင်း၊ ရောဂါလက္ခဏာပိုမိုပြင်းထန်နိုင်ခြင်းနှင့် ကိုဗစ်ပိုးကူးစက်ခံရပြီးနောက် အတန်ကြာသည်အထိ ပြန်လည်သက်သာခြင်းမရှိသည့် အခြေအနေတို့နှင့် နောက်ဆက်သွယ်ရင်ဆိုင်ရနိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူတို့က ပြောဆိုထားသည်။