Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတို့တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုများလာ

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတို့တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုများလာ

    -

    မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသ၊ ရေဖြူနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ငှက်ဖျားရောဂါဖြစ်ပွားမှုများနေကြောင်း မွန်အမျိုးသားကျန်းမာရေးကော်မတီ (MNHC) မှ အချက်အလက်အရ သိရသည်။

    မွန်အမျိုးသားကျန်းမာရေးကော်မတီ (MNHC) လက်အောက်ရှိ ကျန်းမာရေးစောင့်ကြည့်ရေးနှင့် ပြန်လည်သုံးသပ်ရေး (M&E) မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ သုံးလတာအတွင်း ရေးချောင်းဖျားဒေသမှ ငှက်ဖျားဖြစ်ပွားသူ စုစုပေါင်း ၂၂၂ ဦးရှိပြီး ရေးချောင်းဖျားဒေသအတွင်း ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

     (M&E) မှ တာဝန်ရှိသူတစ်ဦးက “ငှက်ဖျားဖြစ်ပွားမှုက နှစ်စဉ်နှစ်တိုင်းများနေတယ်။ ဒီဖြစ်ပွားမှုက ကျွန်တော်တို့ဆီမှာ ပျောက်သွားမဲ့ အခြေအနေမရှိဘူး။ နောက်လာမဲ့ ၅ နှစ် ၁၀ နှစ်အထိပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တိုက လုံးဝ အမြစ်ဖျက်တိုက်ဖျက်ရေးအစီအစဉ်ကိုမလုပ်ပေးနိုင်သေးလို့ပေါ့နော်။ အဓိကကတော့ ခြင်ပေါ့နော်။ ခြင်မကိုက်ဘူးဆိုရင် ငှက်ဖျားပိုးရဲ့ life cycleက ပျက်သွားမှာပဲ ” ဟု ပြောကြားသည်။

    ယခု ဇွန်လအတွင်းတွင်လည်း ငှက်ဖျားဖြစ်ပွားသူ တိုးလာနေပြီး (MNHC)မှ ကာကွယ် ကုသရေးလုပ်ငန်းများ၊ ကျန်းမာရေးပညာပေးခြင်း လုပ်ငန်းများကို ဒေသခံအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဆောင်ရွက်နေဆဲဖြစ်ကြောင်းလည်း ဆိုသည်။

    မွန်ပြည်သစ်ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ  မြို့နှင့်နီးစပ်ရာဒေသတို့တွင်လည်း  ငှက်ဖျားနှင့်အတူ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတို့ တပြိုင်တည်းခံစားနေရသည့်အတွက် ကျေးလက်ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် (MNHC)မှ တာဝန်ရှိသူတို့ စိုရိမ်းနေကြရသည်ဟု ဆိုသည်။

    " ပြီးခဲ့တဲ့ မေလနဲ့ အခုဇွန်လမှာဆိုရင် သွေးလွန်တုပ်ကွေးလူနာတွေရှိနေတယ်။ နည်းနည်းပြင်းထန်လို့ ဆေးရုံတင်ထားရတာလဲ ရှိတယ်။ အချက်အလက်အရဆို မေလထဲမှာပဲ ဝယ်ဇင်မှာ သွေးလွန်တုပ်ကွေးလူနာ ၁၁ ယောက် အထိ ကုသရတယ်။ ပိုဆိုးတာက အဲဒီထဲမှာ လူနာတွေက ငှက်ဖျားပါဖြစ်နေတယ်”   (MNHC)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    အဆိုပါဒေသများတွင် ရောဂါဖြစ်ပွားမှုများတက်လာသော်လည်း ဆေးဝါးမလုံလောက်ခြင်း၊ ကျန်းမာရေးအဖွဲ့အစည်းများ၊ (NGO)နှင့် (INGO) အဖွဲ့အစည်းများ၏ ထောက်ပံ့မှုလျော့နည်းလာခြင်းတို့ကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် အခက်အခဲရှိနေကြောင်း သိရသည်။

    လက်ရှိတွင် (MNHC) သည်( NMSP )ထိန်းချုပ်နယ်မြေအတွင်း ဆေးရုံ(၃)ရုံနှင့် ဆေးခန်း(၁၇)ခု ရှိနေပြီး၊ အဆိုပါဌာနမှ  ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးတားဆီးရေး၊ ကုသရေးဆိုင်ရာ စီမံကိန်းများကို  အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks