မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံဝမ်းကျေးရွာတွင် နေထိုင်လျက်ရှိသည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် နိုင်အဗျင်းကို သွားရောက် ဖမ်းဆီးစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လက်နက်ဖောက် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု သိရသည်။
ဧပြီလ ၃၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မော်လမြိုင် စက်မှုဇုန်အနီး ကြာအင်းကုန်ကျေးရွာရှိ လောင်ကစားဝိုင်းများ ဖွင့်လှစ်သည့်နေရာကို ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ အမိန့်ဖြင့် ရှောင်တခင်စစ်ဆေးခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လက်နက်ဖောက် ပစ်ခတ်သည့်အတွက် အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
“လောင်ကစားဝိုင်းက ကြာအင်းမှာ ဖွင့်ထားတယ်။ အဲဒီလောင်ကစားဝိုင်းကို အဗျင်းဦးစီးတဲ့အဖွဲ့ကပဲ လုံခြုံရေးယူပေးနေတယ်။ ပြီးတော့ မူးယစ်ဆေးဝါးတွေ ရောင်းချနေတာကလည်း အများအသိပဲလေ။ အဲလောင်ကစားဝိုင်းက အရှေ့တောင်တိုင်း ခွင့်ပြုချက်နဲ့ပဲ ဖွင့်ထားတာ။ ဒါပေမဲ့ အခု ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး။ နယ်လုံ ကနေပြီးတော့ အဗျင်းတို့အဖွဲ့ကို ဖမ်းဆီးဖို့ အမိန့်ပေးလာတယ်။ အဲချိန်မှာပဲ လက်နက်သံကြား လို့လား၊ စစ်သားတွေကို တွေ့လို့လား မသိဘူး။ ဆိုင်ကယ်မောင်းထွက်လာပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပစ်လို့ အမျိုးသားဖြစ်သူက သေသွားတယ်။ အမျိုးသမီးက ဒဏ်ရာ ရသွားတယ်။ အမျိုးသားက ကျုံဝမ်းရွာသား၊ အမျိုးသမီးက ကျိုက်ပရံကလို့ သိထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကြာအင်းကုန်ကျေးရွာရှိ လောင်ကစားဝိုင်းကို အရှေ့တောင်တိုင်းစစ်ဌာနချူပ်၏ ခွင့်ပြုချက်ဖြင့် နိုင်အဗျင်း ဦးစီးသည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့တို့က လုံခြုံရေးပေးကာ ဇာတ်ပွဲသွင်း လောင်ကစားဝိုင်းများ ဖွင့်လှစ်နေကြသည်ဟု အထက်ပါ ဒေသခံက ပြောသည်။
ထိုနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ကျုံဝမ်းကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်အဗျင်းအပါအဝင် မိသားစုဝင်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
“မော်လမြိုင်ဝင်ပေါက်ဖြစ်တဲ့ စက်မှုဇုန်လမ်းကို လုံခြုံရေး ယူပေးဖို့ ကျိုက်ပရံမှာ စစ်ကောင်စီက နေရာချပေးထားတာ။ လောင်ကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေတာလည်း ကြာနေပြီ။ လောလောဆယ် နိုင်အဗျင်းရော သူ့ရဲ့တပ်ဖွဲ့ဝင်အားလုံးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီ” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
လက်ရှိတွင် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် နိုင်အဗျင်းအပါအဝင် မိသားစုဝင်များကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရှိသေးပေ။
နိုင်အဗျင်းဦးစီးသည့် မွန်ငြိမ်ချမ်းရေး ကာကွယ်ရေးတပ်ခွဲရုံးကို မော်လမြိုင်-ဘားအံကားလမ်းပိုင်းရှိ ကျိုက်မရောမြို့နယ်၊ လက်ပံရွာအဝင်နေရာ၌ ဖွင့်လှစ်ထားပြီး ခရုံဂူအဝင်လမ်းတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ ခရီးသွားပြည်သူများအပေါ် အကောက်အခွန် ကောက်ခံလျက်ရှိသည်။
“သူ့ (စစ်ကောင်စီ) လူပဲလေ အဗျင်းက ပိုက်ဆံပေးပြီးရင် ပြန်လွတ်လာမှာပဲ” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။
ဂျိုင်းမြစ်ဒေသရှိ ကော့ဘိန်း၊ ဓမ္မသရွာတွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၂၄ ခုနှစ်ကစပြီး တရနာကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က တပ်စွဲပြီးသည့်နောက် နိုင်အဗျင်း ဦးစီးသည့် မွန်ငြိမ်ချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ကို မော်လမြိုင်စက်မှုဇုန်-ကျုံမနင်-ကျုံဝမ်း-ကျိုက်ပရံလမ်းဘက် လုံခြုံရေးယူရန် ရွေ့ပြောင်းလာခဲ့ကြခြင်း ဖြစ်သည်။
