မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော် တစ်ပါး ပျံလွန်တော်မူကာ၊ နှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ခရွဲကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်တွင် ဆွမ်းဘုန်းရန်ပြင်ဆင်နေသည့် အသက် ၅၀ နှစ်အရွယ် သံဃာတော် တစ်ပါးသည် လက်နက်ကြီးကျည်စထိမှန်ကာ ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းပြင် အသက် ၄၀ နှစ်ဝန်းကျင် သံဃာတော် နှစ်ပါးလည်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် သံဃာတော် နှစ်ပါးကို သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ခရွဲရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်လည်း ထိခိုက်ပျက်ဆီးခဲ့ရကြောင်း ဆိုသည်။
စစ်ကောင်စီတပ်မှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်များအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်လေ့ရှိသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ မုက္ခမော့ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မုက္ခမော့ကျေးရွာခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးကြောင်း သိရသည်။