ငလျင်ဘေးသင့်ဒေသများတွင် မြွေအန္တရာယ် အထူးသတိထားကြရန် လိုအပ်သည်ဟု ကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့က ပြောသည်။
မတ်လ ၂၈ ရက်နေ့က ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ရှမ်းပြည်နယ်တို့တွင် ငလျင်ဘေးဒဏ် စိုးရွားစွာ ခံခဲ့ရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် မြေပြိုခြင်း၊ မြေသားအက်ကွဲခြင်းများဖြစ်ပေါ်လာခြင်း၊ ပြိုကျအဆောက်အဦးများအတွင်း မြွေများ ပုန်းခိုနေတတ်လေ့ရှိသည့်အတွက် အထူးသတိထားရသည်ဟု မန္တလေးမြို့က Snakes of Myanmar အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ငလျင်သင့်ဒေသက ပြည်သူတွေအနေနဲ့ ညအိပ်တဲ့အခါ ခြင်ထောင်တွေကို သေချာဖိပြီးတော့မှ အိပ်သင့်တယ်။ ညနက်သွားလာတဲ့အခါ ဓာတ်မီးတွေယူဆောင်သင့်တယ်။ ခြုံပုတ်တွေကို တုတ်နဲ့ ခြောက်ပြီးမှ သွားလာသင့်တယ်။ မြွေကိုတွေ့လို့ လက်နက်တစ်ခုခု မပါဘဲနဲ့ လက်ပလာနဲ့ ဖမ်းတာမျိုးတွေ မလုပ်ဆောင်သင့်ဘူး။ ကိုယ်အထိုင်ချတဲ့နေရာတွေမှာ အန္တရာယ်ရှိမရှိ ကြည့်ပြီမှ နေထိုင်ပါ။ အဲဒါလေးတော့ အထူးမှာချင်ပါတယ်” ဟု ပြောသည်။
ကယ်ဆယ်ရေးသမားများအနေဖြင့်လည်း ပြိုကျအဆောက်အဦးများကို ရှင်းလင်းဖယ်ရှားရာတွင် မြွေအန္တရာယ်ကို အထူး ဂရုစိုက်ရန် လိုကြောင်း ဆိုသည်။
“ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေလည်း မြွေနဲ့ပတ်သက်ပြီး သတိထားဖို့ လိုတယ်။ အထူးသဖြင့် စစ်ကိုင်းနဲ့ မန္တလေးလို နေရာတွေမှာ အပျက်အစီးများတော့ အဆိပ်ရှိတဲ့ မြွေဟောက်တွေလို ထွက်လာနိုင်တဲ့အတွက် အုတ်ပုံ၊ သွပ်တွေ လှန်ကြတဲ့အခါ မြွေရှိမရှိဆိုတာကို စစ်ဆေးခြောက်လှန့်ပြီးမှ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်သင့်တယ်ပေါ့လေ။ မြွေဟောက်တွေက လူနဲ့ ၆ ပေအထိ အဆိပ်တွေကို မှုတ်ထုတ်နိုင်တဲ့အတွက် အနားသွားပြီ ကြည့်တာမျိုးတွေ မလုပ်ဆောင်သင့်ပါဘူး” Snakes of Myanmar မှ တာဝန်ရှိသူက ဆက်ပြောသည်။
ငလျင်ကြောင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများနှင့် အဆောက်အဦး ပြိုလဲပျက်စီးခြင်းများကြောင့် ငလျင်ဘေးသည့်ဒေသများတွင် မြွေကိုက်ခံရမှု၊ မြွေအန္တရာယ် ကြုံတွေ့ရမှုများ ပိုမို မြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။
ငလျင်ဘေးသင့်ဒေသများတွင် မိုးလည်း ထပ်မံရွာသွန်းထားသည့်အတွက် တွင်းအောင် သတ္တဝါအန္တရာယ်ကို သတိထား နေထိုင်နေကြရသည်ဟု နေပြည်တော်ဒေသခံတစ်ဦးက ပြောသည်။
“ငလျင်က ဒီရက်ပိုင်းအထိကို တစ်ခြားဒေသမှာတော့ မသိဘူး။ ဒီနေပြည်တော်မှာက နောက်ဆက်တွဲ ငလျင်က ခနခန လှုပ်တယ်။ မြွေနဲ့ပတ်သက်ပြီးတော့ ထိတာတွေတော့ မကြားမိဘူး။ ဒါပေမဲ့ အိပ်တာ၊ ညပိုင်းတွေမှာ သွားတာ၊ လာတာတော့ သတိထားရမှာပေါ့” ဟု ပြောသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဧပြီလ ၇ ရက်နေ့အထိ သေဆုံးသူ ၃၆၀၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးနေသူ ၁၆၀ ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။


