မွန်ပြည်နယ်တွင် စစ်ကောင်စီလက်အောက်ခံအဖွဲ့သားနှင့်ယာဉ်ထိန်းရဲတို့ပူးပေါင်းပြီး မြို့အဝင်အထွက်နေရာနှင့်လူဆုံလမ်းခွနေရာတိုတွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို နေ့စဉ်စစ်ဆေးနေကာ ဖမ်းဆီးငွေညစ်မှုလည်းဆက်တိုက်ပြုလုပ်နေသည်ဟု မြို့ခံတို့မှတစ်ဆင့်သိရသည်။
လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးမှုပြုလုပ်သွားမည့်အကြောင်းကို တရားဝင်စာထုတ်ပြန်ထားခြင်းမရှိသော်လည်း ယာဉ်ထိန်းရဲတို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးပါက ဖမ်းဆီးစစ်ဆေးမှုပြုလုပ်သွားရန်ရှိသည်ကို ဆိုင်ကယ်ရောင်းဝယ်နေသူတို့ထံ သတိပေးပြောကြားခြင်းများရှိခဲ့သည်။
ထို့နောက် တက္ကသိုလ်ဝင်ဖြေဆိုပြီးသည့်နေ့မှစပြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်၊ မြို့အဝင်အထွက်ဂိတ်နှင့် လမ်းဆုံ မီးပွိုင့်နေရာတို့တွင် နေ့စဉ်စစ်ဆေးမှုပြုလုပ်ကာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များအပြင် ယာယီလိုင်စင်တပ်ဆင်ထားသည့် ဆိုင်ကယ်များကိုလည်း ဖမ်းဆီးနေကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

” ဆိုင်ကယ် ကုမ္ပဏီဘက်ကတော့ ကြည့်ရှောင်မောင်းပေါ့တဲ့။ သူတို့ယာယီလိုင်စင်ထုတ်ပေးတဲ့ဟာက ယာဉ်နဲ့ပတ်သက်ပြီး အခွန်ဆောင်တဲ့ဟာတစ်ခုပါပဲ။ ကုန်လမ်းပို့ဆောင်ဦးစီးဌာနကနေ တရားဝင်အသိမှတ်ပြုပေးထားတဲ့ စာရွက်စာတမ်းတွေမရှိတဲ့အတွက် ရဲတွေ ယာဉ်ထိန်းတွေက လိုင်စင်မဲ့လိုသတ်မှတ်တယ်။ အဲ့ကြောင့်ရှောင်မောင်း ကိုယ်ထိရင်ကိုယ်ခံ” ဟု ဆိုသည်။
၎င်းအပြင် သထုံခရိုင်ဒေသခံတို့၏ပြောကြားချက်အရလိုင်စင်မဲ့မော်တော်ယဉ်များကို စီမံချက်နှင့်ဖမ်းဆီးမှုပြုလုပ်နေပြီး လိုင်စင်မဲ့ယာဉ်တွေ့ရှိပါက ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ်လည်းချမှတ်နေသည်။
သို့သော်လည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရန် စစ်ကောင်စီဘက်မှ ဆိုင်ကယ်၊ ကားအရည်အသွေးပေါ်မူတည်ပြီးတစ်စီးလျှင် သိန်းနှင့်ချီငွေကြေးအဓမ္မတောင်းခံနေကြောင်း ဆိုသည်။
ယခုကဲ့သို့စစ်ကောင်စီမှ လိုင်းစင်မဲ့ယာဉ်ဖမ်းဆီးမှုတင်းကြပ်ထားသော်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ မော်တော်ယာဉ်လိုင်စင်ပြုလုပ်ခွင့်ကိုအာဏာသိမ်းပြီးအချိန်မှ ဒီကနေ့အထိပိတ်ပင်ထားဆဲဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ပြည်သူတို့အနေဖြင့် ဖမ်းဆီးမှုတင်းကြပ်ထားသည့်ကာလတွင် ပြည်သူတို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာကျင့်သုံးရန်လိုအပ်ကြောင်းနှင့် အသွားအလာသတိပြုထားရန် မုဒုံဒေသခံတစ်ဦးကသတိပေးပြောဆိုထားသည်။
“ဦးထုပ်တို့ လိုင်စင်တို့ ယာဉ်မောင်းလိုင်စင်တို့ အဲ့တာတွေကို လိုက်နာဖို့လိုတယ်။ ဒါမှမဟုတ် ကိုယ်က သူတို့သတ်မှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာဘူးဆိုရင် သူတို့ဖမ်းဆောင်ဖို့ သွားအားပေးနေတယ် ဆိုတဲ့သဘောပါပဲ။ ဒါကြောင့်ကိုယ်ရဲ့ဘဏ္ဍာငွေ သူတို့ဆီမရောက်သွားအောင် စည်းကမ်းတွေလိုက်နာရမယ်” ဟုဆိုသည်။
လိုင်စင်မဲ့မော်တော်ယာဉ်များကို ထိုင်းနိုင်ငံ မဲဆောက်ကနေတဆင့် မြဝတီကိုသယ်ဆောင်ပြီး ဤမှတစ်ဆင့် မြဝတီ-ဘားအံ-သထုံ-ရန်ကုန်လမ်းကြောင်းကို တပ်၊ ရဲ၊ ယာဉ်ထိန်း၊ စစစ၊ SB တပ်ဖွဲ့ဝင်တွေကိုယ်တိုင် အခကြေးငွေယူသယ်ဆောင်ခွင့်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါလမ်းကြောင်းမှ နေ့စဉ် လိုင်စင်မဲ့မော်တော်ယာဉ် အစီးရေ ရာနှင့်ချီဖြတ်သန်းသွားလာနေပြီး စစ်ဆေးရေးဂိတ်တစ်ခုလျှင် လိုင်စင်မဲ့မော်တော်ယာဉ်တင်သွင်းခွင့်ဂိတ်ကြေး ကျပ် ၂သောင်း မှ ၅ သိန်းထိပေးရကြောင်းနှင့် ဘားအံတံတား၊ မရမ်းချောင်းဂိတ်နှင့် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တို့တွင် ဂိတ်ကြေးအများဆုံးပေးဆောင်ရကြောင်း သိရသည်။