မွန်ပြည်နယ်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် လစ်လပ်နေသည့် အုပ်ချုပ်ရေးမှူးနေရာနှင့် စာရေးဝန်ထမ်းနေရာတို့၌ အမြန်ဆုံးခန့်အပ်ရန် စစ်ကောင်စီမှ ညွှန်ကြားထားသော်လည်းမြေပြင်တွင် လက်တွေ့ကျကျ ခန့်အပ်ရန်မဖြစ်နိုင်ဟု ဒေသခံများနှင့် ရပ်ကျေးအဖွဲ့နီးစပ်သူများထံမှသိရသည်။

အသက် ၁၈ နှစ်အထက် အတည်ပြုလူဦးရေစာရင်းမှန်ကန်စေရေးနှင့် မြေပြင်ကွင်းဆင်း ကောက်ယူထားသည့် စာရင်းများအား လက်ရှိအခြေအနေနှင့်ကိုက်ညီမှန်ကန်စေရေး စစ်ဆေးနိုင်ရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများကို စောလျင်စွာခန့်အပ်ရန် မတ်လ ၄ ရက်နေ့တွင် စစ်ကောင်စီမွန်ပြည်နယ် ဝန်ကြီးချုပ်မှညွှန်ကြားထားသည်။
လက်ရှိအချိန်အထိ အုပ်ချုပ်ရေးမှုနှင့် စစ်ကောင်စီရုံးဝန်းထမ်းတို့ လုပ်ကြံသတ်ဖြတ်မှုခံနေရသည့် ရေးမြို့နယ်တွင် အုပ်ချုပ်ရေးရုံးများလည်ပတ်ဖွင့်လှစ်နိုင်ခြင်းမရှိသည့်သေးသည့်အပြင် မြို့နယ်အတွင်း၌ ကျေးရွာ ၂၀ နီးပါးခန့်တွင် အုပ်ချုပ်ရေးမှူးနေရာလစ်လပ်နေဆဲဖြစ်ကြောင်း ရေးမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
“အုပ်ချုပ်ရေးမှူးမရှိတဲ့ရွာတွေ နေရာတွေမှာ မဖြစ်မနေ ရှာပြီးခန့်အပ် ခိုင်းတယ်၊ အရင်အုပ်ကြီး ပစ်သတ်ခံရတဲ့ နေရာဆို ဘယ်သူမှမဝင်လုပ်ရဲဘူး ဖြစ်နေတယ်၊ ရေးမြို့အရှေ့ဘက် ကွင်းရှည်တွေမှာလည်းမရှိဘူး နောက်ပြီး ဘေးလမု၊ ဘေးလမိုင်း၊ နှင်းစုံ ၊ အဲ့ရွာတွေက အဲ့အတိုင်ထားထားရတယ် ” ဟု ၎င်းကပြောသည်။
အုပ်ချုပ်ရေးရုံးတို့ကို ဖွင့်လှစ်ခြင်းမရှိသော်လည်း ရပ်ကွက်၊ အုပ်ချုပ်ရေးမှုးတို့၏ နေအိမ်အတွင်း ဧည့်စာရင်းတိုင်ကြားခြင်းတို့ကို လက်ခံနေပြီး ခရီးသွားထောက်ခံစာတို့ကို ပြုလုပ်ပေးနေကြောင်းလည်း သိရသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအုပ်ချုပ်ရေးမှုးအဖွဲ့မှ လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲလုပ်ဆောင်ရန် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုနှင့် မြေပြင်စာရင်းတိုက်စစ်လုပ်ဆောင်ခြင်းတို့ကို တိုးတိုးတိတ်တိတ် လုပ်ဆောင်နေကြေကြောင်း ရေးမြို့နယ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့်နီးစပ်သူ တစ်ဦးကပြောသည်။
“ဒီ ၂၀၂၅ ကျရင်သူတို့ရွေးကောက်ပွဲမဖြစ်မနေလုပ်မယ်လို့ပဲသိထားတယ်၊ ရထားတဲ့လူဦးရေ စာရင်း တွေမြေပြင် အရေအတွက်နဲ့ကိုက်ညီဖို့နဲ့ အသက် ၁၈ နှစ်အထက်လူငယ်တွေအရေအတွက်ကိုက်ညီဖို့ အလျင်စလို လုပ်ဆောင်နေကြတဲ့အခြေအနေပဲလေ၊ စာရင်းကောက်မယ်ဆိုလည်း အနီးအနားတွေပဲလုပ်တယ်၊ အရင်ကလိုမျိုး စုဝေး ရွာသားကိုနှိုးဆော်စာရင်းထည့်ဖို့ပြောလည်းမရတော့ဘူး ကိုယ့်ဘာသာကိုယ် အဆင်ပြေသလို အချင်းချင်းလက်တို့ပြီးလုပ်ဆောင်ကြတာပဲ”ဟု ၎င်းကပြောသည်။
ထိုသို့ လူဦးရေစာရင်းနှင့် စစ်ကောင်စီရွေးကောက်ပွဲအတွင်း ပါဝင်ပတ်သတ်နေသူတို့ကို အရေးယူသွားမည်ဟုလည်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး-NMSP(AD)အပါအဝင် မွန်ပြည်နယ်အခြေစိုက်တော်လှန်ရေးအဖွဲ့အများစုတို့ ယမန်နှစ်က ထုတ်ပြန်ထားသေးသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် မွန်ပြည်နယ်တွင် ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရုံးအကူနှင့်ရာအိမ်မှူးအပါအဝင် ၈ ဦး ထက်မနည်း သတ်ဖြတ်ခံရပြီး၊ ယခုနှစ်ဖေဖော်ဝါရီလအတွင်း ရေးမြို့နယ်၊ ကွင်းရှည်ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် ပေါင်မြိုန့ယ် ညောင်ကုန်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူးတို့သတ်ဖြတ်ခံထားရကြောင်း သိရသည်။