စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားသို့ သွားရောက်ခြင်းသည် လက်နက်အကူအညီများ ရယူရန် ဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးသမားများ သုံးသပ်သူများက ပြော ဆိုသည်။

လက်ရှိ စစ်ကောင်စီ အသုံးပြုနေသည့် တိုက်လေယာဉ်များသည့် ရုရှားမှ ဝယ်ယူထားသော လေယာဉ်များဖြစ်ကြောင်း ယခု ခရီးစဉ်သည်လည်း စစ်လက်နက်ဝယ်ယူရန် အရေးကြီးဆုံးကိစ္စဟု မြင်မိကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ စစ်ဦးစီးချုပ် ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။
“ဒီခရီးစဉ်မှာ လက်နက်ဝယ်ယူဖို့ ကိစ္စက ပထမအရေးကြီးဆုံး ကိစ္စတစ်ခုလို့ မြင်တယ်၊ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် စစ်လက်နက်တွေကို ရုရှားဆီမှ အများဆုံး ဝယ်ယူခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ ကိန်းဂဏန်းအရ ရုရှားမှ US ဒေါ်လာ သန်းပေါင်း ၄၀၀ ကျော် လက်နက်ပစ္စည်းတွေ ဝယ်ယူခဲ့တယ်။ တိုက်လေယဉ်တွေဖြစ် ရုရှားဖိုက်တာ ဂျက်လေယာဉ်တွေကို အသုံးပြုနေတယ်။ ဒါကြောင့်မို့လို့ ဒီခရီးစဉ်မှာလည်း ရုရှားဆီမှ စစ်လက်နက်၊ စစ်အသုံးဆောင် ပစ္စည်းတွေ ဝယ်ယူလာဖို့ ရှိပါတယ်” ဟု ပြောသည်။
လက်နက်များ ဝယ်ယူနိုင်ရေးအပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုများ တခြားသော စီးပွားရေးကိစ္စရပ်များလည်း သဘောတူညီမှုများ ရရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့က မတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရုရှားသို့ ထွက်ခွာသွားပြီ ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တော်လှန်ရေးအင်အားစုများက မြေပြင်တွင် အားကောင်းလာကြောင်း၊ စစ်ကောင်စီက ရေရှည်တိုက်ပွဲအတွက် ရုရှားထံ စစ်လက်နက်အကူအညီ တောင်းခံရန် သွားခြင်းဟု မြင်မိကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
“ပြည်တွင်းစစ် ဖြစ်နေတဲ့ အထွတ်အထိတ်ကို ရောက်နေတဲ့အချိန်ဖြစ်တယ်၊ စစ်ကတော့ ပင်ပန်းနေပြီ၊ စစ်ကလည်း အားလျော့နေတဲ့ အခြေအနေမျိုး ဖြစ်တယ်။ ဒါကြောင့်လည်း စစ်ရေးအကူအညီတွေ လက်နက် အကူအညီတွေ ယူနိုင်ဖို့ ရုရှားကို သွားတယ်လို့ပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ PDF တွေ၊ EAO တွေလည်း မြေပြင်မှာ အားကောင်းနေတယ်၊ စကစကို လက်တွေ့မှာ တိုက်ခိုက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်။ ဒါကြောင့်လည်း ဒီအခြေအနေမျိုးနဲ့တော့ မလုံလောက်ဘူးဆိုတဲ့ ရေရှည်အတွက် ကြည့်တဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့်ပဲ ရုရှားကို အကူအညီတောင်းတယ်လို့ပဲ ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။
အဆိုပါ ခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာတီမာပူတင်၊ ဒူးမားလွှတ်တော် ဥက္ကဋ္ဌ၊ အခြားအစိုးရ ထိပ်ပိုင်းအရာရှိများနှင့် တွေ့ဆုံမှာဖြစ်ပြီး လုံခြုံရေး၊ စီးပွားရေး နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံကို လေးကြိမ်မြောက် သွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာလ ခရီးစဉ်မှာတော့ ရုရှားသမ္မတ ဗလာတီမာပူတင် နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။