"၂၀၂၅ ခုနှစ် နွေရာသီ မွန်စာပေနှင့် မွန်စကားပြောသင်တန်း "ကို မတ်လ ၄ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၁၄ နေရာအထိ ဖွင့်လှစ်ထားနိုင်သည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့(ရန်ကုန်)၏ တာဝန်ရှိသူတို့မှ သိရသည်။

လက်ရှိတွင် မင်္ဂလာဒုံမြို့နယ်တွင် နှစ်နေရာ၊ သန်လျင်၊ တောင်ဒဂုံ၊ သာကေတ၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ ဗဟန်း၊ မြောက်ဥက္ကလာပ၊ လှိုင်၊ မရမ်းကုန်း၊ လှည်းကူး၊ ဥယျာဉ်ဝ၊ လှိုင်သာယာနှင့် အင်းစိန်တို့တွင် အခမဲ့ ဖွင့်လှစ်သင်ကြားလျှက်ရှိသည်။
အဆိုပါ သင်တန်းဖွင့်လှစ်နိုင်ရေးကို မွန်အမျိုးသား ပညာရေးကော်မတီ(MNEC)မှ ဆရာ/မ (၁၉)ဦးတို့က သင်တန်းပြီးမြောက်သည်အထိ ပါဝင်အားဖြည့်သင်ကြားပေးရန် အကူညီတောင်းခံထားကြောင်း သိရသည်။
မွန်လူမျိုးအနည်းအကျဉ်းသာ ရှိတော့သည့် ရန်ကုန်တိုင်းတွင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်ကာ မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ (ရန်ကုန်)မှ ဦးဆောင်ပြီး နှစ်စဉ်ဖွင့်လှစ်ပေးနေသည်ဟု မွန်စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ (ရန်ကုန်)၏ ဥက္ကဌ ဒေါက်တာ မင်းခင်စိန်က ပြောသည်။
“အရင်နှစ်ကဆို ၁၃ နေရာပဲ ဒီနှစ်တော့ ၁၅ နေရာအထိ ဒေါပုံနဲ့ မြောက်ဥက္ကလာပက ဖွင့်လာနိုင်တယ်။ ရန်ကုန်မှာရှိနေတဲ့ မွန်လူငယ်တွေက ကြာလာတော့ ဗမာတွေဖြစ်ကုန်ပြီး။ ဒီရန်ကုန်ဘက်ဆို ပိုပြီး အာရုံစိုက်ရတယ်၊ လူမျိုးပေါင်းစုံရှိနေတယ်၊ ဗမာလိုပြောတာများတော့ ငါတို့မွန်စကားတွေ ပျောက်သွားမယ်။ ဒီလိုကျောင်းတွေတာ မဖွင့်ဘူးဆိုရင် အမှန်ပဲပျောက်သွားနိုင်မယ် ” ဟု သူက ဆက်ဆိုသည်။
ရန်ကုန်မြို့အတွင်း ဖွင့်လှစ်ထားသည့် "၂၀၂၅ နွေရာသီ မွန်စာပေနှင့် မွန်စကားပြောသင်တန်း"အတွက် ကျောင်းသား/သူများ နားလည်လက်ခံနိုင်လွယ်သည့် သင်ရိုးညွှန်းအတိုင်း မူလတန်း၊ ပထမတန်း၊ ဒုတိယတန်း နှင့် တတိယတန်းဟူ၍ အတန်းလိုက်ခွဲကာ အချိန်ကာလ ၁ အထိ သင်ကြားပေးသွားမည်ဟုလည်း မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့မှ သိရသည်။
“ တစ်လအထိ သင်ပေးတယ်၊ အဓိကက သူတို့ကို စကားသင်ပေးတယ်။ ပြီးတော့ အခြေခံတွေပေါ့သင်ပေးရတယ်။ သူတို့က မွန်ရွာတွေက ကလေးတွေလောက် မကျွမ်းဘူး။ တစ်လသင်ပြီးရင်ဖြေ ပဒုတရတဲ့ ကလေးကို ဆုချပြီးကျောင်းဆင်းပွဲလုပ်မယ်” ဟု အဖွဲ့ ဒု-ဥက္ကဌ မိမြအောင်က ပြောသည်။
လာမည့် ဧပြီလ ၅ ရက်နေ့တွင် မြို့နယ်အဆင့်စာမေးပွဲကိုဖြေဆိုသွားမည်ဖြစ်ပြီး ဧပြီ ၆ ရက်နေ့တွင် ထူးချွန်ကျောင်းသား/သူများကို ဆုချီးမြှင့်နိုင်ရန် မွန်ယဉ်ကျေးမှု အကအလှများဖြင့် ကျောင်းဆင်းပွဲကို ကျင်းပသွားမည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောက်ရှိနေသည့် မွန်လူငယ်မောင်မယ်များ၊ မွန်မျိုးဆက်များ မွန်စာနှင့် မွန်စကားတတ်မြောက်နိုင်ပါရန် ကောင်းမွန်စွာ လေ့လာသင်ယူနိုင်ပါရန် မွန်မျိုးချစ်ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင် ကူညီကြရန်လည်း မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ ရန်ကုန်၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တိုက်တွန်းထားသည်။
နွေရာသီမွန်စာပေနှင့် မွန်စကာပြောသင်တန်းကို မွန်ပြည်နယ်အပြင် ကရင်ပြည်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်သင်ကြားလေ့ရှိသည်။
၁၉၈၈ခုနှစ် နောက်ပိုင်းတွင် မွန်စာသင်ကြားခွင့်ကို လုံးဝပိတ်ပင်ခံရသည့်အချိန်မှစ၍ နွေရာသီအတွင်း သံဃာတော်များ၏ ဦးဆောင်မှုဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် မွန်စာသင်ကြားမှုများကို အကောင်ထည်ဖော်သင်ကြားလာခဲ့ကြသည်မှ ယနေ့ထိတိုင်ဖြစ်သည်။