spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းဂျိုင်းမြစ်ဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အားထပ်ဖြည့်လာ

    ဂျိုင်းမြစ်ဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အားထပ်ဖြည့်လာ

    -

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က ယခုနှစ်ဆန်းပိုင်းတွင် အင်အားထပ်ဖြည့်လာသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဂျိုင်းမြစ်ဒေသ ကရင်ပြည်နယ်၊ ကော့ကရိက်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လကစပြီး ဂျိုင်းမြစ်ဒေသတလျှောက်တွင် တိုက်ပွဲဖြစ်ပွားလာခဲ့သည်။

    ထိုသို့ စစ်ရေးပြင်းထန်လာခဲ့ပြီးနောက် ဂျိုင်းမြစ်တစ်လျှောက်ရှိ ကော့ဘိန်း၊ ဓမ္မသ၊ တရနာ၊ သံကလောင် အစရှိသည့် ကျေးရွာများထဲကို စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်လာပြီး နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် ဘုရား၊ စေတီနေရာတို့တွင် စခန်းချ တပ်စွဲထားခဲ့သည်မှာ ယနေ့ထိပင် ဖြစ်သည်။

    ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က ၂၀၂၅ နှစ်ဆန်းပိုင်းတွင် တပ်အင်အား ထပ်မံဖြည့်ဆည်းလာသည့်အပြင် လက်နက်ကြီးများ တပ်ဆင်လာသည်လည်း ရှိလာကြောင်း အထူးသဖြင့် ဓမ္မသကျေးရွာတွင် စစ်ကောင်စီတပ် အများဆုံး တပ်စွဲထားသည်ဟု ဂျိုင်းမြစ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    “တရနာမှာဆို ဒေသခံတွေရဲ့ နေအိမ်တွေမှာ နေနေကြတယ်။ ဓမ္မသကျေးရွာဆိုလည်း ဘုန်းကြီးကျောင်းမှာ နေနေတယ်။ အဲ့ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ၆ ခုလောက် တပ်ဆင်ထားတယ်။ သူတို့က အရပ်ဝတ်နဲ့ရော စစ်ဝတ်စုံနဲ့ရော နေနေကြတယ်။ ည ၆ နာရီခွဲ ၇ နာရီဝန်းကျင်လောက်ဆို ကင်းလှည့်ကြတယ်” ဟု ၎င်းဒေသခံအမျိုးသားက ပြောသည်။

    စစ်ကောင်စီတပ်တို့က ညပိုင်းတွင် အုပ်စုခွဲပြီး ကျေးရွာအတွင်း ကင်းလှည့်လေ့ရှိကြောင်းလည်း ဒေသခံတို့က ပြောသည်။

    ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့်အပြင် ရွာအတွင်း လမ်းဆုံလမ်းခွလိုနေရာများ၊ ရွာအဝင်အထွက်လိုနေရာတို့တွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားပြီး ဖြတ်သန်းသွားလာနေသည့် ဒေသခံပြည်သူများကို စစ်ဆေးနေသည့်အပြင် ငွေကြေးကောက်ခံမှုများလည်း ရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

    “အဲဒီဂိတ်တွေမှာ တပ်သား ၅ ယောက်၊ ၆ ယောက်လောက် စောင့်နေကြတယ်။ သူတို့ တာဝန်ချိန်းတာလည်းရှိတယ်။ နှစ်ပတ်တခါ သုံးပတ်တခါ တာဝန်ချိန်းကြတယ်။ အဲမှာ ဖြတ်သွားဖြတ်လာတဲ့ ကုန်ကားတွေ ရော်ဘာတင်တဲ့ကားတွေ သစ်တင်တဲ့ကားတွေဆို ပိုက်ဆံတောင်းတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

    ကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲထားသည့်အတွက် ဒေသခံပြည်သူများ စိတ်လုံခြုံမှုမရှိသည့်အပြင် အချိန်မရွေးတိုက်ပွဲဖြစ်လာမည်ကိုလည်း ဒေသခံတို့က စိုးရိမ်ကြောက်ရွံ့သည့်စိတ်ဖြင့် နေနေရသည့်အခြေအနေ ရှိသည်။

    လတ်တလောတွင် ဂျိုင်းမြစ်ဒေသဘက် တော်လှန်ရေးတပ်ဖွဲ့ဘက်က လှုပ်ရှားမှုတည်ငြိမ်နေသည့်အတွက် တိုက်ပွဲငြိမ်သက်နေသည့်အခြေအနေရှိကြောင်း အကယ်၍ တော်လှန်ရေးတပ်ဖွဲ့ဘက်ကသာ စစ်ရေးလှုပ်ရှားလာပါက ဒေသတွင်း တိုက်ပွဲ ထပ်ဖြစ်လာနိုင်သည့်အလားအလာရှိသည်ဟုလည်း ဒေသခံတို့က သုံးသပ်သည်။

    ပြီးခဲ့သည့်နှစ်က ဂျိုင်းမြစ်ဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့သည့်အပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအချို့လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks