နိုင်ငံကူးလက်မှတ် စာအုပ်၊ တံဆိပ်တုံး အတုပြုလုပ်ပြီး ထိုင်းနှင့် မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမားများကို ပို့ဆောင်နေသူ ၈ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်သည်။
ဖမ်းဆီးရမိထားသည့် နိုင်ငံကူးလက်မှတ် စာအုပ်အတုပြုလုပ်သူ ၈ ဦးတွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်က One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနှင့် လျမ်းထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများ ပါဝင်ကြောင်း ဆိုသည်။
နိုင်ငံကူးလက်မှတ် စာအုပ်နှင့် တံဆိပ်တုံးအတုပြုလုပ်သူများသည် ကျပ်ငွေ သိန်း ၇၀ မှ ၈၀ အထိ ယူပြီး မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ပြီး ထိုမှတဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်သည်ဟု ထုတ်ပြန်ထားသည်။
“ထိုင်းကို အရင်ထွက်ကြတာ ပြီးမှ တတိယနိုင်ငံတွေကို ကူးကြတာပေါ့။ အခုက ပြည်တွင်းကနေ ထွက်မယ်ဆိုရင် တရားဝင်ထွက်ဖို့တောင်မလွယ်ဘူးလေ။ အဲ့တာကြောင့် ထွက်ခွာတဲ့ တံဆိပ်တုံးအတုတွေနဲ့ မဲဆောက်၊ တာချီလိတ်ဘက်ကနေ ထိုင်းကို တက်ကြတယ်။ အဲ့တာက အကန့်အသတ်ရှိတယ်။ တစ်နေ့ကို သုံးယောက်လောက်ပဲ လုပ်ပေးတာ။ တာချီလိတ်မှာဆိုရင်အဲဒီ တုံးအတုထုဖို့စောင့်နေကြတဲ့လူတွေ ရှိတယ်” ဟု တာချီလိတ်ရှိ ပွဲစားတစ်ဦးက ပြောသည်။
တာချီလိတ်ဘက်မှာတော့ ပြည်ပထွက်ခွာမည့် တံဆိပ်တုံးအတု ထုရန် ထိုင်းဘတ်ငွေ ၁၈၀၀၀ အထိ ပေးနေရကြောင်း ပွဲစားများထံမှ စုံစမ်းသိရှိရသည်။
နိုင်ငံကူးလက်မှတ် စာအုပ်၊ တံဆိပ်တုံးအတု ပြုလုပ်သူ ၈ ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ် (၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီ လုံခြုံရေးအဖွဲ့က နိုင်ငံကူးလက်မှတ် စာအုပ်အတုကိုင်ဆောင်သူ ၁၁ ဦးကို စစ်ဆေးတွေ့ရှိခဲ့ရာမှ ယခုလို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးချက်များအရ နိုင်ငံကူးလက်မှတ် စာအုပ်အတုပြုလုပ်သူများသည် စာအုပ်အတု ၇၃၄ အုပ်အထိ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ကျန်နေသည့် နိုင်ငံကူးလက်မှတ် စာအုပ်အတုပြုလုပ်သူများကိုလည်း ဆက်လက်စစ်ဆေး ဖော်ထုတ်နေသည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။