မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါက်တောကျေးရွာရှိ ရေမြောင်းအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားရုပ်လောင်းတစ်လောင်း တွေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
ရေမြောင်းအတွင်းက အမျိုးသားရုပ်အလောင်းကို လယ်သမားတစ်ဦးက စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည်ခန့်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးအမျိုးသားသည် ပေါင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာက အသက် ၂၃ နှစ်အရွယ် ငဖြိုးဆိုသူဖြစ်ပြီး ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ယာမျက်လုံးဖူးရောင်နေသည့်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်သည်။
“မျက်နှာမှာလည်း အညိုအမဲဆွဲနေတော့ သူ့ကို မသတ်ခင်မှာ နှိပ်စက်ခံထားရတဲ့ ပုံစံမျိုးတွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် ငဖြိုး၏ရုပ်အလောင်းကို ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
နီးစပ်သူတို့၏ အဆိုအရ ငဖြိုးသည် မည်သည့်အဖွဲ့အစည်းနှင့်မှ ပတ်သက်မှုမရှိပဲ သာမာန်လုပ်ကိုင်စားသောက်နေသည့် အရပ်သားတစ်ဦးသာဖြစ်ကြောင်း ဆိုသည်။
ငဖြိုးကို မည်သည့်လက်နက်ကိုင်က မည်သည့်အကြောင်းကြောင့် ယခုလို သတ်ဖြတ်သွားသည်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
လတ်တလော မွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး တော်လှန်ရေးတပ်ဖွဲ့ လက်ချက်ကြောင်း သေဆုံးမှုရှိသလို စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ရှင်းလင်းမှုလည်းရှိနေသည့်အပြင် လက်တည်မပေါ်သည့် လုပ်ကြံသတ်ဖြတ်မှုလည်း ရှိနေသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းကလည်း မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာက အသက် ၃၄ နှစ်အရွယ် ဦးမျိုးဝင်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။
စက်တင်ဘာလအတွင်း မွန်ပြည်နယ်တွင် လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် အနည်းဆုံး လူ ၁၁ ဦးထက်မနည်းသေဆုံးမှု ရှိသည်။