မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်၊ မုက္ခမူကျေးရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် သားအဖနှစ်ဦး စက်တင်ဘာလ ၂၃ ရက်နေ့ ညက ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
မုက္ခမူကျေးရွာနေ ဦးမြင့်အောင်ဆိုသူနှင့် သမီးဖြစ်သူ မဝင်းနုခိုင်(ခ)မကေတို့ သားအဖနှစ်ဦးသည် ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့်က နေအိမ်တွင်ရှိနေစဉ် သေနတ်သမား ၄ ဦးတို့က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၈ ချက်ခန့် ပစ်ခတ်သွားခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်အောင်တို့ သားအဖနှစ်ဦးသည် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးမြင့်အောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးအတွင်းရေးမှူးဖြစ်ပြီး သမီးဖြစ်သူ မဝင်းနုခိုင်(ခ)မကေကတော့ ကြံ့ခိုင်ရေးပါတီ လူငယ်ရေးရာအဖွဲဝင်တစ်ဦးဖြစ်သည်ဟု သိရသည်။
“ကြံ့ခိုင်ရေးပါတီဝင်မလို့ ပစ်သွားတယ်လို့တော့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီဘက်ကမှာ နိုင်ငံရေးပါတီဝင်တွေ ပစ်ခတ်ခံနေရတာက ခဏခဏဖြစ်နေတော့လေ။ အဲလိုပဲထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း သထုံမြို့နယ်၊ ဂေါ့ကျေးရွာက သထုံခရိုင်တရားရုံးဝန်ထမ်း ဒေါ်သင်းသင်းမြတ်နှင့် ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်းတို့နှစ်ဦးကို အမည်မသိ သေနတ်သမားတို့က နေအိမ်တွင် လာရောက်ပစ်ခတ်သွားခဲ့သေးသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင်း တရားရုံးဝန်ထမ်း ဒေါ်သင်းသင်းမြတ်နှင့် ဦးကျော်ဟိန်းတို့နှစ်ဦးလုံး အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးခဲ့ကြကြောင်း မြို့ခံတို့ထံမှ သိရသည်။
ဒေါ်သင်းသင်းမြတ်နှင့် ဦးကျော်ဟိန်းတို့လင်မယားနှစ်ဦးသည် ကျေးရွာနေ ပြည်သူများကို ချိန်းခြောက်ငွေညှစ်ခြင်း၊ စစ်ကောင်စီကို မမှန်မကန် သတင်းများပေးပို့ပြီး ဖမ်းဆီးခိုင်းခြင်း အစရှိသည့် ပြစ်မှုများစွာကို ကျူးလွန်ခဲ့ပြီး အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာမှုမရှိသည့်အတွက် ပြည်သူဘက်တော်သား UG အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဒလန်ဆိုပြီး စွပ်စွဲခံရသူတွေ မကြာခဏပစ်ခတ်ခံရလေ့ရှိပြီး အထူးသဖြင့် စစ်ရေးပဋိပက္ခပြင်းထန်နေသည့် သထုံခရိုင်အတွင်း နေ့စဉ်လိုလို ပစ်ခတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားနေသည်။