Sunday, March 15, 2026
More
    spot_img
    Homeသတင်းအပူပိုင်းမုန်တိုင်းငယ်အရှိန်ကြောင့် မွန်၊ ကရင်တွင် မိုးသည်းထန်နိုင်

    အပူပိုင်းမုန်တိုင်းငယ်အရှိန်ကြောင့် မွန်၊ ကရင်တွင် မိုးသည်းထန်နိုင်

    -

    တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ပြီး ဗီယက်နမ်နိုင်ငံ ကုန်းတိုင်းပိုင်းဒေသမှတဆင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် စတင်ဖြတ်ကျော်ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

    မုန်တိုင်းငယ်၏ လေပွေလှိုင်းအရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့တွင် ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်ပြီး မိုးကြီးခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုထားသည်။

    မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ လေပွေလှိုင်းကြောင့် မွန်၊ ကရင်၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် မိုးသည်းထန်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

    ထိုကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် စက်တင်ဘာလ ၂၁ ရက်နေ့မှစပြီး မိုးအလွန် သည်းထန်လာနိုင်ပြီး သံလွင်မြစ်နှင့် ဘီးလင်းမြစ်အပါအဝင် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာနိုင်ကာ ရေကြီးရေလျှံခြင်း၊ တောင်ကျချောင်းရေကျဆင်းခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားလာနိုင်သည်ဟု ဦးဝင်းနိုင်က သတိပေး ထုတ်ပြန်ထားသည်။

    မိုးလေဝသခန့်မှန်းသူတစ်ဦးကလည်း “ဒီတစ်ခေါက် ရေကြီးမှုက အရင်တစ်ခေါက်ကထက် အခြေအနေ ပိုးဆိုးနိုင်တယ်လို့ ခန့်မှန်းထားတယ်။ အခုတောင်မှ သံလွင်မြစ်ရေ စိုးရိမ်မှတ်ထက်မှာ ရှိနေတယ်။ အထူးသဖြင့် မြေနိမ့်ပိုင်းဒေသတွေဖြစ်တဲ့ ကျိုက်ထိုတို့၊ ကော့ကရိတ်၊ မြိတ်နဲ့ ကော့သောင်း အဲဘက်မှာ ရေကြီးနိုင်ချေ ဖြစ်ဖို့များနေတယ်” ဟု ပြောသည်။

    မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများ သတိပြုနေထိုင်ကြရန်လည်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks