ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိုနှိုင်းရေးကော်မတီ ( NSPNC )၊ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် (၆) ဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့က ရွေးကောက်ပွဲဆိုင်ရာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတရပ်ကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ ထိုနေ့တွင်ပင် စစ်ကောင်စီ ငြိမ်းချမ်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် (၆) ဖွဲ့တို့၏ နှစ်ဖက်ကိုယ်စားလှယ်များ သီးခြားတွေ့ဆုံဆွေးနွေးခဲ့သေးသည်။
လာမည့် ၂၀၂၅ တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန်၊ ရွေးကောက်ပွဲအတွက် နိုင်ငံတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ ထိန်းချူပ်ထားသည့်ဒေသတို့တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရန် စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP ) ဥက္ကဌ ဒေါ်စောမြရာဇာလင်းကို IMNA မှ ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က NSPNC နဲ့ EAOs နဲ့ တွေ့ဆုံပွဲမှာ ဘာအကြောင်းအရာတွေ ဆွေးနွေးဖြစ်ကြလဲ။
ဆွေးနွေးပွဲကလေ နဂိုးကတည်းက ဆွေးနွေးဖို့ရှိတယ်ပေါ့၊ ရက်သတ်မှတ်ထားတာတော့ရှိတယ်။ ဒါမဲ့ တိုင်းပြည်အခြေအနေအမျိုးမျိုးကြောင့် ရက်က တစ်လကျော်နှစ်လနီးပါးရွှေ့ဆိုင်းသွားတာတော့ရှိတယ်။ ပုံမှန်တွေ့နေကျကို ပုံဖော်တဲ့အနေအထားတစ်ခုလည်း ဖြစ်ချင်ဖြစ်မယ်။ နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးရမှာတွေလည်းရှိတယ်။ အဲ့ကိစ္စတွေအပါအဝင်ပေါ့။ အစိုးရဘက်က လက်ရှိအာဏာရှိနေတဲ့ အစိုးရဘက်က သူတို့ဒီရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ကိစ္စတွေကို ဆွေးနွေးချင်တယ်။ အဲ့လိုပုံစံမျိုးတွေပေါ့။ အဓိကကတော့ သတင်းမှာပါထားတဲ့အတိုင်းပဲ။ ရွေးကောက်နဲ့ပတ်သက်တာရှိမယ်။ ပြီးတော့ EAOs နယ်မြေအတွင်းမှာ ဖြစ်ပျက်နေတဲ့အခြေအနေ ပေါင်းစုံတွေကို ဆွေးနွေးကြတာဖြစ်တယ်။ ဒါမဲ့ သတင်းတွေမှာတော့ ရွေးကောက်ပွဲကိစ္စတစ်ခုတည်းကို ဆွေးနွေးတယောင်ယောင်တော့ရှိတယ်ပေါ့။ အစည်းအဝေးဆိုတာက အဲ့တစ်ခုတည်းပေါ်ပဲ မူတည်ပြီး ဆွေးနွေးတာတော့မဟုတ်ဘူး။
မေး။ ။ ရွေးကောက်ပွဲလုပ်ချင်တာနဲ့ပတ်သတ်ပြီး ဘယ်အပိုင်းတွေကို ထည့်သွင်းဆွေးနွေးဖြစ်လဲ။ ဥပမာ- ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေလား။ ဒါမှမဟုတ် လုံခြုံရေးအပိုင်းလား။
ရွေးကောက်ပွဲကြတော့ အစိုးရရဲ့ရည်မှန်းချက်ကြတော့ ၂၀၂၅ အောက်တိုဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းတွေ ဆိုလိုရှိရင် ဒီဘက်ကလည်းပြောကြားထားတာအများကြီးရှိပါတယ်။ ရွေးကောက်ပွဲတစ်ခုကျင်းပမယ်ဆိုရင် တိုင်းပြည်ရဲ့အေးချမ်းမှုပေါ်မူတည်ပြီးမှ စကားပြောရမှာတွေရှိတယ်။ လုပ်ရမှာတွေရှိတယ်။ တိုင်းပြည်မအေးချမ်းဘူးဆိုလို့ရှိရင် တိုင်းပြည်ရဲ့ရွေးကောက်ပွဲအခြေအနေက ဘယ်လိုပုံဖြစ်လာမှာလဲ အဲ့တာတွေကို အများကြီးပါပဲ ဆွေးနွေးထားတာ။ ကိုယ့်အမြင်သူ့အမြင် ရွေးကောက်ပွဲအပေါ်မှာ ဆွေးနွေးကြတာရှိတယ်။ ပြီးလို့ရှိရင် လူသားချင်းဆိုင်ရာထောက်ထားမှုလုပ်ငန်းတွေ အေးချမ်းသာယာမှုအပေါ်မှာ ဆွေးနွေးထားကြတာရှိတယ်။ ဒီလောက်ပဲ ယေဘုယျအားဖြင့် ပြောလို့ရတယ်။
မေး။ ။ဒီဆွေးနွေးတဲ့အခါမှာရော ဆရာမတို့ဘက်က ဘာအကြောင်းအရာတွေများ တင်ပြခဲ့တာရှိလဲ?
ကိုယ်တွေက ငြိမ်းချမ်းရေးအပေါ်မှာတစ်စိုက်မတ်မတ်ရှိနေဆဲဖြစ်တာပေါ့နော်။ အားလုံးက စကားပြောကြရမှာပေါ့။ စကားပြောကြရမယ့်အနေအထားတွေရှိတယ်။ ဒါပေမဲ့ တိုက်ပွဲမှာ ပြဿနာထဲမှာ ပဋိပက္ခထဲမှာ ရှိနေကြတဲ့ပုဂ္ဂိုလ်တွေအားလုံးအပေါ်မှာပဲ မူတည်တယ် ဒီတိုင်းပြည်ရဲ့အခြေအနေက ငြိမ်းချမ်းအောင်လုပ်ချင်တယ်။ စကားဝိုင်းနဲ့ဆွေးနွေးမယ်ဆိုလို့ရှိရင် ပြဿနာထဲမှာရှိနေတဲ့ခေါင်းဆောင်တွေ ပဋိပက္ခထဲမှာရှိနေတဲ့ခေါင်းဆောင်တွေ စူးရှရှနိုင်တဲ့ပုဂ္ဂိုလ်ရဲ့အနေအထားပေါ်မှာပဲ မူတည်တယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းကိုသွားပါလို့ ဒီနေ့ဒီချိန်မှာပြောဖို့ကလည်းခက်တယ်။ တိုက်ပွဲနဲ့ပဲ ဆုံးဖြတ်ပါလို့ ပြောမယ်ဆိုရင်လည်း အရမ်းခက်ခဲတယ်။ ပြည်သူတွေက တအားနာတယ်။ တိုက်ပွဲပါနေကြတဲ့လူတွေထက် တိုင်းပြည်က အရမ်းနာတယ်။ အဲ့တာပဲအမြဲရှိတယ်။ ဘယ်လိုဖြစ်ပါလို့ ဒီအနေအထားမှာ အရမ်းခက်ခဲတယ်။
မေး။ ။လက်ရှိအာဏာရှိနေတဲ့ အစိုးရဘက်ကနေရော ထူးထူးခြားခြားဘာတွေများ တင်ပြခဲ့တာရှိလဲ?
ထူးထူးခြားခြားကြီးဆိုတဲ့ပုံစံမျိုးတော့မရှိဘူး။ အစိုးရဘက်ကတော့ ဒီရွေးကောက်ပွဲ လုပ်ချင်တဲ့ဆန္ဒကို သူတို့ဘက်ကပြောပြတယ်။ ပြီးတော့လေ တိုင်းပြည်ငြိမ်းချမ်းချင်တာပေါ့လေ။ ငြိမ်းချမ်းအောင်သွားချင်တယ် ဆိုတဲ့ကိစ္စတွေကိုပဲ တိုင်းပြည်ငြိမ်းချမ်းရေးဒါကိုပဲပြောတာရှိတယ်။ EAOs ကို ဘယ်လိုမျိုး Force လုပ်တယ်ဆိုတာတော့မရှိဘူး။ ထိုနည်းလည်းကောင်းပဲ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအပေါ်ကိုလည်း Force လုပ်တယ်ဆိုတာမျိုးမတွေ့ရဘူး။ လွတ်လွတ်လပ်လပ်ပဲ ကိုယ့်အမြင်သူ့အမြင်ဆွေးနွေးကြတဲ့သဘောပဲဖြစ်တယ်။
မေး။ ။ ဒီဆွေးနွေးပွဲပြီးတဲ့နောက်မှာ တိကျသေချာတဲ့အဖြေတစ်ခုခုရခဲ့လား?
အဲ့အဖြေတွေကိုတော့ တိတိကျကျပြောလို့မရဘူး။ ထုတ်ဖော်ပြောခွင့်မရှိဘူး။ အဖြေဆိုတာက ဘယ်တာကအဖြေ ဘယ်တာကအဖြေမဟုတ်ဘူးဆိုတာမျိုးတော့ မရှိဘူး။
မေး။ ။လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းရင်အကောင်းဆုံးဖြစ်မယ်ထင်လဲ?
ပွင့်လင်းမြင်သာမှုနဲ့ စကားပြောကြရမှာပေါ့။ ဘယ်သူဘာပြောလဲဆိုတာလည်း ပြည်သူသိရမယ်။ ပွင့်လင်းရမယ်။ ကိုယ့်ဘက်သူ့ဘက်ကြည့်ပြီး မညှာမသာစကားပြောပြီးတော့မှ အဖြေထုတ်ရမယ်။ အဲ့လိုပုံစံမဖြစ်ချင်နိုင်ဘူး။ အဲ့ဒါကြောင့် မဖြေရှင်းတတ်ကြဘူးလို့ပဲ ပြောကြားချင်ပါတယ်။
မေး။ ။ ဆရာမအနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်လဲ?
ကျွန်မနည်းနည်းပြောချင်တာက တိုင်းပြည်မှာတိုက်ပွဲဖြစ်လာတာက နှစ်ပေါင်း ၇၀ ကျော် ၇၀ လို့ပြောခဲ့ကြတယ်။ အခု ၈၀ ကိုရောက်လာပြီး။ ပြဿနာကို လူကနိုင်ရမှာ။ အခုက လူကို ပြဿနာကနိုင်နေတာ။ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ကြဘူး။ ပြဿနာကိုအေးအေးဆေးဆေးဖြေရှင်းပါမယ်ဆိုမှ NCA စာချူပ်ကို ချူပ်ဆိုခဲ့ကြတယ်။ ပြီးမှ တိုက်ပွဲတွေဖြစ်လာတယ်။ အဲ့ဒါတွေက အရမ်းကိုရင်နာဖို့ကောင်းတယ်။ အရမ်းစိတ်မကောင်းဘူး။ အဲ့ဒါတွေကြောင့် စကားပြောနေရတာဖြစ်တယ်။ ဒီစာချူပ်ကလည်း နှစ်ပေါင်း ၇၀ အတွင်းမှာလို့ ပြောရမှာပေါ့။ ဒုတိယအကြိမ်ပေါ်ပေါက်လာတဲ့စာချုပ်ဖြစ်တယ်။ အဲ့စာချူပ်မှာ ကောင်းတဲ့အကွက်တွေအများကြီးပါတယ်။ ဒါမဲ့ အဲ့စာချူပ်အတိုင်း မဖြစ်လာခဲ့ဘူး။ အဓိက လူတွေရဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာ အများကြီးမူတည်တယ်။ ပြဿနာကိုဖြေရှင်းလို့ရတဲ့ အနေအထားတွေက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်နှစ်ကဆိုလို့ရှိရင် ပြဿနာကိုဖြေရှင်းလို့ရနိုင်တဲ့ အနေအထားတွေရှိတယ်။ ဒါကို မဖြေရှင်းခဲ့နိုင်ကြဘူး။ အဲ့ဒါဟာ ဝမ်းနည်းစရာအရမ်းကောင်းတယ်။ အဲ့ဒါကြောင့်မို့ ပြဿနာကို လူကမနိုင်ဘဲနဲ့ လူကို ပြဿနာနိုင်သွားတာက မြန်မာနိုင်ငံအတွက် အရမ်းကိုရှက်စရာကောင်းတဲ့ အရှက်ဖြစ်တယ်။
