မွန်အမျိုးသားလွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် မွန်ပြည်ပေါ်ပေါက်လာရေးအတွက် စတင်ခဲ့သည့် မွန်တော်လှန်ရေးသည် လာမည့် ဝါခေါင်းလပြည့် (သြဂုတ်လ ၁၉ ရက်နေ့) ဆိုလျှင် ၇၇ နှစ်ပြည့်ပြီးဖြစ်သည်။

၇၇ နှစ်ပြည့် မွန်တော်လှန်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ယနေ့ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် မွန်ခေါင်းဆောင်တို့၏ ရင်းတွင်းစကားသံများကို လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ စုစည်းတင်ပြထားသည်။
နိုင်ဗညားမွန် (မွန်ပြည်သစ်ပါတီ NMSP-AD ပြောရေးဆိုခွင့်ရှိသူ)

“ကျနော်တို့ရဲ့ တော်လှန်ရေးခရီးက ဒီကနေ့ဆိုရင် (၇၇) ကြိမ်မြောက် ရောက်ရှိလာပါပြီ။ တိုင်းပြည်လွတ်လပ်ရေးရပြီးနောက် မွန်လူမျိုးတွေကလည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်လာတာ ၇၇ နှစ်တောင် ရှိလာပြီ။ တော်လှန်တိုက်ပွဲ တစ်လျှောက်မှာလည်း ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေ၊ မွန်ပြည်သူလူထုတွေကလည်း အသက်တွေ အများကြီး စတေးခဲ့ကြရတယ်။ ဒါပေမဲ့ ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးက အခုချိန်ထိတော့ မရသေးပါဘူး။ အခုက ကျနော်တို့ရဲ့ ခေတ်ကာလ ရောက်လာပြီပေါ့လေ။ ကျနော်တို့ခေတ်ကာ လဖြစ်တဲ့အတွက် မွန်တွေအခွင့်အရေး၊ မွန်ကံကြမ္မာ မွန်ဖန်တီးနိုင်ရေးက ကျနော်တို့တတွေရဲ့တာဝန်အဖြစ် ခံယူစိတ်တွေ ထားကြရမယ်။ ဒီတာဝန်တွေကို ကျနော်တို့ရော မွန်ပြည်သူလူထုတွေရော အထူးသဖြင့် လူငယ်တွေက တော်လှန်ရေးနယ်ပယ်မှာ အများကြီး တာဝန်တွေ ထမ်းဆောင်စေချင်တယ်”
မိကွန်ချမ်းနွန် (မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC)

“မကြာခင်အချိန်မှာဆိုရင် ကျမတို့ရဲ့ ၇၇ နှစ်မြောက် မွန်တော်လှန်ရေးနေ့ ရောက်လာတော့မှာပါ။ ကျမတို့ရဲ့ နွေဦးတော်လှန်ရေးမှာလည်း သုံးနှစ်ကျော်ကာလ ပြည့်လာတော့မယ်။ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်တွေဟာ ကျမတို့ရဲ့ လူမျိုးအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ တိုင်းသားရင်းသား အခွင့်အရေးတွေ၊ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာရေးအတွက် ကြိုးစားလာနေကြတာ ဖြစ်တယ်။ အဲဒီလို ပေါ်ပေါက်လာဖို့က မွန်လူမျိုးတစ်ခုတည်း မဟုတ်ဘဲ တခြားတိုင်းရင်းသားလူမျိုးတွေကလည်း ကြိုးစားလာနေကြတာကို တွေမြင်နေရပါတယ်။ ကျမတို့ လိုချင်တဲ့ အခွင့်အရေးတွေ၊ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အရာအားလုံးကို ရနိုင်ဖို့ ဒီတော်လှန်ရေး မြန်မြန်အောင်မြင်ဖို့ လိုတယ်။ ဒီတော်လှန်ရေးတိုက်ပွဲအတွင်း အသက်ပေါင်းများစွာလည်း စတေးခဲ့ကြပြီပါပြီ။ ဒါ့အပြင် ငွေကြေးအင်အား၊ လူအင်အား၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အင်အားတွေလည်း အများကြီး ပေးခဲ့ကြပြီပါပြီ။ ဒီကျမတို့သုံးထားတဲ့ အင်အားတွေအားလုံးဟာ တော်လှန်ရေးအောင်မြင်နိုင်ဖို့အတွက်သာ ဖြစ်တယ်။ တော်လှန်ရေးက မအောင်မြင်သေးပေမဲ့ တော်လှန်ရေးအောင်မြင်သွားဖို့က လူငယ်တွေအပါအဝင် ပြည်သူလူထုတွေအားလုံး တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ပြည်သူလူထုအားလုံး တူတူတိုက်ပွဲဝင်ကြစို့”
ဒေါက်တာသီရိမွန်ချမ်း (မွန်ပြည်ကာကွယ်ရေးတပ် MSDF)

“တော်လှန်ရဲမှ လွတ်လပ်မယ်လို့ မွန်လူမျိုးတွေက ပြောနေကြတာပေါ့။ ဒါပေမဲ့ ကျနော်အမြင်အနေနဲ့ က တော်လှန်ရဲမှ လွတ်လပ်ရေးရနိုင်တာ မဟုတ်ဘူး။ တော်လှန်တဲ့နည်းလမ်းတွေ တတ်မြောက်ထား ဖို့လည်း လိုပါတယ်။ မွန်ပြည်သူတွေ ပြည်သူလူထုအားလုံးရောက မွန်အမျိုးသားမဟာဗျုဟာနည်းစ နစ်အတိုင်း ဝိုင်းဝန်းဆောင်ရွက်သွားမှ ရနိုင်မှာပါ။ အခုလည်း တော်လှန်ရေးလုပ်လာကြတာ ၇၇ နှစ်တောင် ရောက်လာခဲ့ပြီလေ။ အဲအချိန်အတောအတွင်း အသက်တွေ စတေးခဲ့ကြတဲ့ ရဲဘော်၊ ပြည်သူတွေအားလုံးကို ဂုဏ်ယူလေးစားရပါတယ်။ ဒါပေမဲ့ တော်လှန်ရေးမြန်မြန် အောင်မြင်နိုင်ဖို့က တော်လှန်တဲ့နည်းလမ်းတွေအပေါ် အများကြီး မူတည်ပါတယ်။ ဥပမာကြည့်ရမယ်ဆိုရင် ရခိုင်က AA တွေ တအာင်း(ပလောင်း) က TNLA တို့ဆိုရင် တော်လှန်တဲ့နည်းလမ်းတွေ မှန်ကန်လို့ အချိန်တိုအတွင်းမှာ သူတို့တော်လှန်ရေးက အောင်မြင်နိုင်ချေ များလာတယ်။ ဒါ့ကြောင့် ကျနော်တို့ရဲ့ မွန်တော်လှန်ရေးနယ်ပယ်မှာလည်း တခြားတိုင်းရင်းသားတွေ သုံးထားတဲ့ နည်းဗျုဟာ၊ ပြည်ပက နည်းဗျုဟာတွေကို လေ့လာရှာဖွေပြီး ပြည်သူလူထုတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တူတူလုပ်ဆောင်သွားကြမယ်”
တော်လှန်ရေးတွင် ပါဝင်နေသည့် မွန်လူငယ်ခေါင်းဆောင်တစ်ဦး

“လာမယ့် သြဂုတ်လ ၁၉ ရက်နေ့မှာ မွန်တော်လှန်ရေးနေ့ကို ၇၇ ကြိမ်မြောက်တောင် ပြည့်ခဲ့ပြီ။ မွန်တော်လှန်ရေးသမိုင်းတစ်လျှောက်မှာ ကြည့်လိုက်မယ်ဆိုရင် အရှိန်အဟုန် အားနည်းနေတာ တွေ့ရတယ်။ ဘာကြောင့် တော်လှန်ရေးအရှိန်အဟုန် အားနည်းနေတာလဲဆိုရင် လူငယ်တွေရဲ့ ပါဝင်မှုနှုန်း၊ ပြည်လူလူထုတွေရဲ့ ပါဝင်မှုနှုန်းက အရမ်းကို အားနည်းနေတယ်။ ဒါ့ကြောင့် ကျနော်တို့ မွန်တော်လှန်ရေးမှာလည်း မြန်မြန်အောင်မြင်နိုင်ဖို့က လူငယ်ပါဝင်မှု၊ ပြည်သူလူထုပါဝင်မှုတွေ လိုအပ်တယ်။ ပါဝင်မှုများလေ မွန်တော်လှန်ရေးက အရှိန်အဟုန်ကောင်းလေပဲ။ လူငယ်တွေအနေနဲ့ ကိုယ်တာဝန်ထမ်းနိုင်တဲ့အခန်ကဏ္ဍတွေကို နေရာယူထမ်းဆောင်ပေးကြဖို့ တိုက်တွန်းလိုတယ်။ ပညာရေးအပိုင်းမှာ ကျွမ်းကျင်ရင် တော်လှန်ရေးအဖွဲ့တွေကို မျှဝေပေးကြပါ။ လူအင်အားအဖြစ် ပါဝင်ထမ်းဆောင်ချင်ရင်လည်း ဒီကနေ့တော်လှန်ရေးမှာ သွားရောက်တာဝန်ထမ်းဆောင်ပေးကြပါ။ ငွေကြေးအပိုင်းမှာ ကျွမ်းကျင်ရင်လည်း ပါဝင်ထောက်ပံ့ပေးကြပါ။ ဒါတွေကို များများလုပ်နိုင်မယ်ဆိုရင် ကျနော်တို့အိမ်မက်ထားတဲ့ ရည်မှန်းချက်၊ ပန်းတိုင်တွေအတိုင်း ဖြစ်လာမှာပါ”