spot_img
Tuesday, January 21, 2025
More
    spot_img
    Homeသတင်းစစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်ကိုင်တွေကို အပြစ်တင်လာဟု KNU ခေါင်းဆောင်ပြော

    စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်ကိုင်တွေကို အပြစ်တင်လာဟု KNU ခေါင်းဆောင်ပြော

    -

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရေး၊ နိုင်ငံရေး ပြဿနာကို ရင်ဆိုင်မဖြေရှင်းနိုင်တော့သည့်အဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကို ပြစ်တင်ပြောဆိုလာသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် KNU ပြောရေးဆိုခွင့်ရှိသူက ယခုလို တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

    ပဒိုစောတောနီးက “ပြဿနာအရင်းက သူကိုယ်တိုင်စခဲ့တဲ့ ပြဿာနာပဲလေ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ သွားနေတန်းလန်းကြီးမှာပဲ သူကဖောက်ပြီးတော့ အကြမ်းနည်းနဲ့ဖြေရှင်းတော့ အာဏာထပ်သိမ်းလိုက်တဲ့အခါမှာ နောက်ဆက်တွဲပြဿနာက စစ်ရေးရော နိုင်ငံရေးတွေမှာ သူက ဝင်ရင်ဆိုင်ဖြေရှင်းနေရတဲ့အခါကျ ဒီတစ်ခါကပိုပြီးတော့ဆိုးဝါးတာက တစ်နိုင်ငံလုံးက သူ့ကို ထပ်ပြီး တော်လှန်တဲ့အခါ သူဖြေရှင်း လို့မရတော့ဘူး။ ရင်ဆိုင်လို့မရတဲ့အခါ နောက်ဆုံးတော့ ဟိုလူ့ကို အပြစ်တင် ဒီလူ့ကိုအပြစ်တင် နောက်ဆုံး ဆောက်တည်ရာမရဖြစ်သွားတဲ့ အနေအထားပဲရှိတော့တယ်။ သူ့အတွက် ထွက်ပေါက်ကပိတ်ပြီး ဘာမှ မလုပ်တတ် မကိုင်တတ်နဲ့ ဟိုပြော ဒီပြောပဲ မိုးပြောမြေပြောနဲ့ပဲ ဖြစ်သွားနေတဲ့အနေအထားလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

    စစ်ခေါင်းဆောင် ပြောကြားသည့် မိန့်ခွန်းထဲတွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အ‌ကြောင်းအပြင် KIA၊ KNU၊ CNF၊ KNDF တို့အကြောင်းလည်း ပါဝင်သည်။

    KNU နှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင်က KNU အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားရေးဘဝ များစွာ ထိခိုက် နစ်နာပျက်စီးခဲ့ရသလို မြန်မာပြည်သူလူထုများ အားထားနေရသည့် နယ်စယ်ကုန်သွယ်ရေးလမ်းကြောင်းလည်း ပြတ်တောက်ခဲ့ရပြီး လူထုနှင့် နိုင်ငံအတွက် များစွာနစ်နာခဲ့ရသည်ဟု ဆိုသည်။

    KNU တပ်မဟာ ၁၊ ၃ နှင့် ၅ တို့ ပူးပေါင်းပြီး စစ်တောင်းမြစ်တဝိုက်တွင် တိုက်ကွက်ဖော်ရန် ကြံစည်နေသည်ဟုလည်း စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုထားသည်။

    “နိုင်ငံရေးကိုကြည့်လိုက်တဲ့အခါမှာ ဘယ်မှလဲ တိုးမပေါက် စစ်ရေးကိုကြည့်လိုက်တဲ့အခါမှာလည်း နယ်ဆုံး၊ မြေဆုံး နောက်ဆုံးကျတော့ ကျွန်တော်တို့ကို အပြစ်တင်တာတွေ ကျွန်တော်တို့ စည်းလုံးညီညွတ်မှုပျက်ပြားအောင် ထိုးကွက်တွေနဲ့ လျှောက်လုပ်တယ်။ ဒါပေမဲ့ ဒီဟာတွေက ဘာမှ ထိရောက် မှုမရှိတော့ပါဘူး။ ထိရောက်မှုမရှိဘူးဆိုတာကို သိလာတဲ့အခါ ပိုပြီး ဂနာမငြိမ် ဖြစ်လာတယ်။ ပြောရမယ်ဆိုရင် သူကတော်တော်ကို နိုင်ငံရေးဘက်မှာရော စစ်ရေးဘက်မှာရော လုံးပါးပါးပြီး နောက်ဆုံး နိဂုန်းနဲ့ပဲလမ်းဆုံးကို ရောက်သွားမယ်ဆိုတာပဲပြောချင်တယ်” ဟု ပဒိုစောတောနီးက ဆက်ပြောသည်။

    ၎င်းအပြင် မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာရှိသည့် လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်ထားသည့် လက်နက်များ သည် ထိုင်း-မြန်မာနယ်စပ်မှောင်ခိုလမ်းကြောင်းမှ တစ်ဆင့်တင်သွင်းလာသည့်လက်နက်များဖြစ်သည်ဟု စစ်ကောင်စီခေါင်းဆောင်ကပြောသည်။

    စစ်ကောင်စီကို တိုက်ခိုက်နေသည့် အဖွဲ့အစည်းများကို ပြည်ပနိုင်ငံအချို့က ငွေကြေး၊ အစားအသောက်၊ လက်နက်ခဲယမ်းများနှင့် နည်းပညာအကူအညီများ ပေးနေသည်ဟုလည်း စစ်ခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွပ်စွဲပြောဆိုထားသည်။

    စစ်ခေါင်းဆောင်၏ စွပ်စွဲချက်အပေါ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “တကယ်တမ်းကျတော့ ဒါလည်းပြောစရာ မလိုပါဘူး။ ဘာလို့လည်းဆိုတော့ အဲ့ဒီနိုင်ငံတွေကလည်း စစ်ကောင်စီ တရားဝင်နည်းဆက်သွယ် ဆက်ဆံနေတဲ့နိုင်ငံတွေပဲဖြစ်တယ်။ ဒီသူတို့တရားဝင်နည်းလမ်းနဲ့ ဆက်သွယ်နေတဲ့ ဒီနိုင်ငံတွေက ကျွန်တော်တို့ကို ဘယ်လိုလုပ်ကူမှာလဲ။ ဒါတွေက ရှင်းရှင်းလေးရယ် ကျွန်တော်တို့ကို ကူညီနေမယ်ဆိုရင် ဒီခရီးက အဝေးကြီး ရောက်နေပြီးလေ။ ဒါက ကျွန်တော်တို့ ဘာမှပြောစရာမရှိဘူး” ဟု ဆိုသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်ဟူသမျှ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီတိုင်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ညီနောင်မဟာမိတ်တို့နှင့် စစ်ရေး၊ နိုင်ငံရေးဟန်ချက်ညီစွာဖြင့် လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးအရ မဖြေရှင်းဘဲ လက်နက်ကိုင်တိုက်ခိုက်နေသည်ကို လက်ခံလို့မရကြောင်း နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရသည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,300SubscribersSubscribe
    spot_img

    Latest posts