Friday, March 14, 2025
spot_img
Homeမေးမြန်းချက်တော်လှန်ရေးနယ်မြေရောက် ဆရာဝန်တစ်ဦးဖြစ်တဲ့ဒေါက်တာဂရေစ့်နဲ့ ဆက်သွယ်မေးမြန်းချက်

တော်လှန်ရေးနယ်မြေရောက် ဆရာဝန်တစ်ဦးဖြစ်တဲ့ဒေါက်တာဂရေစ့်နဲ့ ဆက်သွယ်မေးမြန်းချက်

-

ရန်ကုန်တိုင်းအတွင်းမှာ ဇူလိုင်လဆန်းပိုင်းကစပြီး လူသေဆုံးမှုအထိရှိခဲ့တဲ့ ဝမ်းရောဂါ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၇ ရက်နေ့ တစ်ရက်တည်းမှာတင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ကုသရတဲ့ လူနာ ၄၄ ဦးအထိ ရှိပါတယ်။ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဝမ်းပျက်ဝမ်းလျှောလူနာတွေကို စနစ်တကျ ဆေးကုနေပြီး ရောဂါထိန်းချုပ်ဖို့အတွက်လည်း ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားအောင်နဲ့ ဖြစ်ပွားလာပါ ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး တော်လှန်ရေးနယ်မြေရောက် ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာဂရေစ့်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ အသက်သေဆုံးတဲ့အထိ ပြင်းထန်တဲ့ ဒီဝမ်းရောဂါဟာ ဘာကြောင့်ဖြစ်လာရတာလဲ?
ဖြေ ။ ။ ကျွန်တော့်အမြင်ပြောရမယ်ဆို လူတွေရဲ့ စီးပွားရေးကျပ်တည်းလာတာလည်းပါတယ်။ နောက်တစ်ခုက နိုင်ငံရေးအခြေအနေမကောင်းတာနဲ့ စစ်ရေးရောပေါ့နော် ဒါတွေကြောင့် ကျန်းမာရေးဌာနဘက်ခြမ်းက သူတို့အနေနဲ့ လုပ်ပေးရမယ့်အရာတွေ မလုပ်ပေးနိုင်တော့လို့ အားနည်းလာတာလည်းပါတယ်။ နောက်တစ်ချက်က ဒီရာသီဥတုနဲ့ ရေကြီးနေတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပေါ့ ပြောရမယ်ဆို သန့် ၄ သန့်က ကျွန်တော်တို့မလိုက်နိုင်တော့ဘူး။ သူတို့ကြပ်မတ်ပေးရမယ့်အရာတွေက ဝေးလာတော့လေ အဲ့ဒါတွေကြောင့် ဖြစ်နိုင်တယ်လို့ထင်ပါတယ်။

မေး ။ ။ ဒီဝမ်းရောဂါ ကူးစက်ပြန့်ပွားတတ်ပုံနဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ?
ဖြေ ။ ။ အဓိကက လက်မသန့်လို့ ကူးတတ်တယ်။ မသန့်ရှင်းတဲ့အစားအသောက်တွေကနေပြီးတော့ ရောဂါရှိတဲ့သူနဲ့အတူနေမိတာတို့ အဲ့ကနေတဆင့်ကူးနိုင်တာပေါ့နော်။ ကာလဝမ်းရောဂါကတော့ ဝမ်းသွားမယ်။ ဆန်ဆေးရေလို ဝမ်းသွားလိမ့်မယ်။ ငါးငြှီးအနံ့လိုမျိုးရမယ်။ သူက ဝမ်းသွားတာကြတော့ ပုံမှန်ဝမ်းသွားတာမျိုးမဟုတ်ဘဲနဲ့ pressure ကျတာမြန်တယ်။ pressure ကျတဲ့အချိန်မှာ အရည်လိုက်မဖြည့်ပေးနိုင်ဘူးဆိုရင်တော့ အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်တယ်။

မေး ။ ။ တကယ်လို့ ဒီရောဂါခံစားနေရပြီးဆိုရင် ဘာတွေလုပ်သင့်လဲ?
ဖြေ ။ ။ ကိုယ်ကဝမ်းသွားနေပြီး။ သံသယဝင်နေပြီး။ လက္ခဏာက ဝမ်းရောဂါပြောပြီးဟေ့ဆိုရင် အရင်ဆုံး ဓာတ်ဆားရေသောက်ပါ။ အရည်ဓာတ်ပြန်ဖြည့်ပေးရတာပေါ့။ လက်လှမ်းမှီသလောက် ဓာတ်ဆားရေသောက်မယ်။ အဆင်မပြေဘူးဆိုရင် အနီးစပ်ဆုံး အကောင်းဆုံးကတော့ ကျန်းမာရေးဌာနထံ သွားပြသင့်တယ်။

မေး ။ ။ ဘယ်အသက်အရွယ်တွေမှာ ရောဂါပိုပြင်းထန်နိုင်လဲ?
ဖြေ ။ ။ အဓိက လူငယ်တွေကိုယ်ခံအားကျတဲ့သူတွေ အသက်ကြီးပိုင်တွေ ကိုယ်ခံအားကျတဲ့သူတွေက ရောဂါပိုပြီးတော့ ပြင်းထန်နိုင်တယ်။

မေး ။ ။ ဝမ်းရောဂါမဖြစ်အောင်၊ မကူးစက်အောင် ဘယ်လိုမျိုး သတိပြုကာကွယ်နေထိုင်သင့်သလဲ?
ဖြေ ။ ။ အတိုကောက်ပြောရရင် အဓိကက သန့် ၄ သန့်ပေါ့။ တစ်ကိုယ်ရေသန့်ရှင်းရေး ရှိဖို့လိုမယ်။ နောက်ပြီးတော့ အစားအသောက်တွေ သန့်ရှင်းဖို့လိုတယ်။ လက်တွေ သန့်ရှင်းဖို့လိုမယ်။ ပတ်ဝန်းကျင် အနေအထိုင်တွေ သန့်ရှင်းနေဖို့လိုမယ်။ အဓိကကတော့ ဒါတွေပါပဲ။ ဒီကနေပဲ ကူးစက်တတ်တာဆိုတော့ ဒါတွေကို သေချာဂရုစိုက်ပေးမယ်ဆိုရင် ကြိုတင်ကာကွယ်လို့ ရနိုင်တာပေါ့။

မေး ။ ။ ဝမ်းရောဂါဖြစ်ပြီးဆိုရင် ဘယ်လောက်ကြာနိုင်လဲ။ ရောဂါကူးစက်ခံရပြီးဆိုရင်လည်း ဘယ်လိုမျိုးနေထိုင်သင့်သလဲ?
ဖြေ ။ ။ ကိုယ်က ရောဂါဖြစ်ပြီးလို့ သိပြီးဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနကိုသွား ဒါကအကောင်းဆုံးနည်းလမ်းပဲ။ တကယ်လို့ လက်လှမ်းမမှီဘူးဆိုရင် ဓာတ်ဆားရေသောက် အရည်ဓာတ်ဖြည့် အဓိကက ဒါပဲပေါ့။ ဒီကောင်က ဗိုင်းရပ်စ်ကြောင့်မဟုတ်ဘူး။ ဘက်တီးရီးယားကြောင့်ဆိုရင် နည်းနည်းကြာနိုင်တယ်။ ၄ ရက် ၅ ရက်လောက် ကြာနိုင်တယ်။

မေး ။ ။ အခုဆိုရင် ဝမ်းရောဂါက ရန်ကုန်မှာ ဖြစ်ပွားနေတာပေါ့လေ။ ဆိုတော့ အခြားဒေသမှာရော ရောက်လာနိုင်ချေရှိလား?
ဖြေ ။ ။ ဒီရောဂါကြတော့ အဲ့လောက်ထိ ကိုဗစ်လိုမျိုးဖြစ်မှာမဟုတ်ဘူး။ သူကတော့ ကွက်ကျားကွက်ကျားပဲဖြစ်မှာ။ တကယ်မို့ ဒီဖြစ်တဲ့နေရာကနေ ထိန်းနိုင်လို့ရှိရင် တော်ရုံကူးစက်မှာမဟုတ်ဘူး။ ဟိုကိုဗစ်တုန်းကလိုမျိုး တစ်ကမ္ဘာလုံးလောက်ထိလည်းမဟုတ်ဘူး။ တစ်နိုင်ငံလုံးလောက်ထိလည်းမဟုတ်ဘူး။ ဒီတစ်ရွာထဲမှာမှ တစ်ရပ်ကွက်ပေါ့ ဒီတစ်ရပ်ကွက်ကို ထိန်းနိုင်မယ်ဆိုလို့ရှိရင် သူက အဆင်ပြေလောက်ပါတယ်။ အဓိကက လူတွေကြပ်တည်းနေလို့သာ ပြန်ပေါ်လာတာ။ သူကလည်း မကြာမကြာပြန်ပေါ်တတ်တယ်။ မှတ်မိသလောက်တော့ မပေါ်တာတော်တော်ကြာပြီး။ ဒီ ၂၀၁၀ နောက်ပိုင်းကတည်းက ဝမ်းရောဂါပြန်ဖြစ်တယ်ဆိုတာ မကြားရသလောက်ပါပဲ။

မေး ။ ။ ဆရာ့အနေနဲ့ ဝမ်းရောဂါနဲ့ ပတ်သက်ပြီး ဘာများထပ်ဖြည့်ချင်တာရှိလဲ?
ဖြေ ။ ။ ဝမ်းရောဂါကြောက်တယ်ဆိုရင် သန့် ၄ သန့်ကို သေချာထိန်းသိမ်းပါ။ အဲ့ဒါလိုက်လုပ်နိုင်တယ်ဆိုရင် ကြောက်စရာမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့တော်လှန်ရေးနယ်မြေမှာကြတော့ မလွယ်ဘူးဆိုတာပြောချင်တယ်။ အတတ်နိုင်ဆုံး ကိုယ့်စခန်းမှာ သန့်သန့်ရှင်းရှင်းလေ ချက်ပြုတ်မယ်။ စစ်ဘေးရှောင်လိုမျိုးပဲ ကျွန်တော်တို့ထိန်းသိမ်းရတာ နည်းနည်းခက်လိမ့်မယ်။

ဆက်စပ်သတင်း

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
33,400SubscribersSubscribe
spot_img

Latest posts