spot_img
Friday, December 27, 2024
More
    spot_img
    Homeသတင်းနွေဦးတော်လှန်ရေး အောင်မြင်ရန် ဝိုင်းဝန်းကြိုးစားရမည်ဟု KIA ပြော

    နွေဦးတော်လှန်ရေး အောင်မြင်ရန် ဝိုင်းဝန်းကြိုးစားရမည်ဟု KIA ပြော

    -

    လက်ရှိ တော်လှန်ရေး အင်အားစုများ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး အောင်မြင်ရန် ဝိုင်းဝန်းကြိုးစားရမည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

    နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းရမှာ ဖြစ်သော်လည်း စစ်ကောင်စီက နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှုကို လိုလားပုံ မပေါ်ကြောင်း၊ မိမိတို့ လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်ချခိုင်းခြင်း လုပ်နေကြောင်း ၎င်းက ဆိုသည်။

    “နွေဦးတော်လှန်ရေးကတော့ အားလုံးက ဝိုင်းပြီးတော့ ကြိုးစားရမှာပဲ၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ခုနားက ပြောသလိုပေါ့၊ မြန်မာနိုင်ငံရဲ့ အရှုတ်အရှင်းတွေကို အရှုတ်တော်ပုံတွေကို ဖြေရှင်းဖို့ကတော့ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမှာကတော့ သေချာပါတယ်။ ဒါပေမဲ့ စကစဖက်ကတော့ အဲဒီလို နိုင်ငံရေးနဲ့ ဖြေရှင်းတာကို သူတို့က သိပ်မလိုလားပါဘူး။ သူတို့က စစ်နဲ့ လက်နက်နဲ့ ဖြစ်ပြီးမှ ပြောမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ လက်နက်ကိုင်တဲ့ အဖွဲ့တွေအားလုံးကို လက်နက်ချခိုင်းတာမျိုးတွေပေါ့၊ ဒါမျိုးပဲ သူတို့က ကြိုးစားနေတာ၊ ဒါကြောင့် နွေဦးတော်လှန်ရေးဖက်ကလည်း ကိုယ့်ရဲ့ ရည်မှန်းချက်တွေ မရောက်မချင်းက ဆက်ပြီးကြိုးစားရမှာပဲ၊ အခက်အခဲတော့ ရှိမှာပါ၊ တော်လှန်ရေးဆိုတာကတော့ လက်ရှိ အစိုးရကို တော်လှန်တဲ့ဟာကတော့ အခက်အခဲတော့ ရှိမှာပါ၊ ဒါပေမဲ့ ဆက်ပြီးမှ ကြိုးစားရမှာပဲ ကျနော်က အဲဒီလိုပဲ တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင်နွေဦးတော်လှန်ရေးကို ဒီမိုကရေစီအင်အားစုများက ဆင်နွှဲခဲ့ကြသည်။

    မြန်မာ့နိုင်ငံရေးပြဿနာကို အခြေခံဥပဒေအရ ဖြေရှင်းရမှာဖြစ်ကြောင်း၊ အခြေခံဥပဒေအရ တန်းတူရေးကို အာမခံနိုင်သည့် အချက်အလက်များ လိုအပ်နေ၍ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေခြင်းဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

    “မြန်မာနိုင်ငံရဲ့ ပြဿနာကို ကျနော်တို့ အမြဲတမ်းပြောပါတယ်၊ အခြေခံဥပဒေအရ ဖြေရှင်းရမယ့် ပြဿနာ ဖြစ်တယ်၊ လက်ရှိက လက်နက်ကိုင်တဲ့ နည်းနဲ့ပဲ သူတိုက် ကိုယ်တိုက် တိုက်နေကြတဲ့ လူတွေကို လက်နက်အားကိုးပြီးမှ ရယူကြတာပေါ့၊ လက်နက်အားကိုးပြီးမှ ယူတဲ့နည်းက တည်မြဲတာ မဟုတ်ဘူး။ နိုင်ငံရေးအားဖြင့် ပြေလည်မှု မရတဲ့ ကာလပတ်လုံး တည်မြဲတာ မဟုတ်ဘူးကတော့ ကျနော်တို့ဖက်က ယူဆယ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံတည်တံ့ခိုင်မြဲပြီးမှ ငြိမ်းချမ်းစေချင်တယ်ဆိုရင် ကျနော်တို့ရဲ့ လွတ်လပ်ရေး သမိုင်းတစ်လျှောက် ပြန်သုံးသပ်ဖို့ လိုတာပေါ့၊ လွတ်လပ်ရေးနဲ့ ယူလာခဲ့တဲ့ အခြေခံဥပဒေ ၁၉၄၇ ကြီး၊ ၁၉၇၄ ကြီး၊ ၂၀၀၈ ကြီးပေါ့ဗျာ၊ အခြေခံဥပဒေအရ တန်းတူ အခွင့်အရေးကို အာမခံနိုင်တဲ့ အချက်အလက်တွေ မပြည့်သေးလို့ လက်ရှိ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်နေရတာပေါ့” ဟု ပြောသည်။

    စစ်ကောင်စီအနေဖြင့် လက်နက်ဖြင့် ဖိနှိပ်ပါက ပြည်သူလူထုများ ငြိမ်သွားလိမ့်မည်ဟု ယူဆနေကြောင်း၊ လက်ရှိအနေအထားအရ စေ့စပ်ဆွေးနွေးရေးမှာ မဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောသည်။

    “ဒီလိုရှိတယ်ဗျ၊ အခုလောလောဆယ်မှာတော့ စစ်တပ်ကလည်း လျော့ဖို့ မစဉ်းစားသေးဘူး။ သူတို့စိတ်ထဲမှာ အရင်တုန်းကလိုပဲ ခါတိုင်းလို့ပဲ ပြင်းပြင်းထန်ထန်ဆက်ဖို့လိုက်လို့ရှိရင် ပြည်သူလူထုကို နိုင်နိုင်လိမ့်မယ်လို့ သူတို့တွက်နေတာလေ။ ဒါကြောင့်မို့လို့ အခုလောလောဆယ်က စေ့စပ်ဆွေးနွေး အဖြေရှာဖို့က မဖြစ်နိုင်သေးဘူး။ သို့သော် နောက်ဆုံးက ဘယ်စစ်ရေးပဋိပက္ခဖြစ်ဖြစ် စေ့စပ်ဆွေးနွေးရေး စားပွဲပေါ် ရောက်လာမှာပဲ၊ အဲဒီလိုရောက်လာနိုင်ဖို့အတွက် စစ်တပ်ကို ကျမတို့တော်လှန်ရေးအင်အားစုတွေက ဖိအားပေးဖို့လိုတာပေါ့၊ သူတို့ဟာသူတို့ နားလည်လာဖို့ လိုတာပေါ့၊ ငါတို့ဒီအတိုင်းဆက်ဖိလို့တော့ မရတော့ဘူး၊ ပြည်သူလူထုက ခံမှာ မဟုတော့ဘူးဆိုတဲ့ အမြင်မျိုးရလာတဲ့အထိ ကျမတို့က ဆက်လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ၊ အဲဒီအခါကြမှာ စေ့စပ်ဆွေးနွေးရေး စားပွဲပေါ် ရောက်လာမှာပါ” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး နိုင်ငံတစ်ဝှမ်း ဆန့်ကျင်တိုက်ခိုက်လျက်ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က မြန်မာနိုင်ငံ၏ မြို့နယ် ၅၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,500SubscribersSubscribe
    spot_img

    Latest posts