မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယခုဧပြီလအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်နီးစပ်သူ ၄ ဦးပစ်သတ်ခံရသည်ဟု ဒေသခံတို့၏ ပြောပြချက် အရသိရသည်။
အဆိုပါ ပစ်သတ်ခံရသူတို့သည် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဂိတ်ကြေး ကောက်နေသည့် ပြည်သူ့စစ် ခေါင်းဆောင်နှင့် စစ်ကောင်စီထောက်တိုင်တို့အပြင် စစ်မှူးထမ်းကိစ္စဆိုင်ရာတို့ကို အတင်းအကြပ် ဆောင်ရွက် နေသူတို့ပါဝင်သည်ဟု ကျိုက်ထိုဒေသခံတစ်ဦးက ဆိုသည်။
“ဒီလထဲမှ သုံးလေးယောက်လောက်ရှိနေပြီး မနေ့ကဆိုကော့ထင်းအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတယ်။ သူတို့ ဆိုင်ကယ်ပါ ယူသွားကြတယ်။သူက အုပ်ချုပ်ရေးမှူးဖြစ်နေတာက အလွန်ဆုံး ၅လ လောက်ပဲ။ အုပ်ချုပ်ရေးမှူးအသတ်ခံ နေရလည်း ဝင်လုပ်ချင်သူတွေက တန်းစီနေတာပဲ ”ဟု ဆိုသည်။
ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့တွင် ကျိုက်ထိုမြို့ ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူ ဦးဝင်းအောင်ဆိုသူသည် ကော့ထင်းရွာလမ်းမ ငပိဂိုဒေါင်အနီးတွင် အမည်မသိသေနတ်သမားတို့မှ လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ ထံမှသိရသည်။
ထို့ကြောင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူတို့အနေဖြင့် စစ်မှူးထမ်းဆောင်ရန် စာရင်းကောက်ခံရာတွင် ယခင်ကဲ့သို့ထင်ထင်ပေါ်ပေါ်လုပ်ဆောင်ခြင်း မရှိတော့ဟု ကျိုက်ထိုမြို့ခံတစ်ဦးကပြောသည်။
“မကြာခဏအသတ်ခံနေရတော့သူတို့လည်းထောင်လွှားလွှားမလုပ်ရဲတော့ဘူး သင်္ကြန်အလွန်နှစ်ဆန်း ၂ ရက် လောက်မှာ ရာအိမ်မှူးတစ်ယောက်ပစ်သတ်ခံရသေးတယ်။ လူငယ်တွေဆိုင်ကယ်နဲ့လာပြီး ပစ်သတ်တာပဲ ဘယ်အဖွဲ့က ဘာညာက မသိရဘူး။ အဲ့ရာအိမ်မှူးက သူကိုယ်တိုင် စစ်မှူးထမ်းဖို့ လိုက်ကောက်နေတယ် ”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာလမ်းဆုံတွင် ဂိတ်ကြေး ကောက်ခံနေသည့် ပြည်သူ့ စစ်ခေါင်းဆောင် ဦးအောင်ဇော်ဦး( ခေါ်) ဖိုးလုံးဆိုသူကို အမည်မသိသေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။
ထို့အတူ ဧပြီလ ၁ ရက်နေ့ တွင်လည်း ကော့စံနိုင်ရပ်ကွက်နေ စစ်ကောင်စီသတင်းပေး ဦးမြအေးဆိုသူကို ကျိုက်ထိုတော်လှန်ရေးအင်အာစုးနှင့် KRFနှင့်ကျိုက်ထိုပကဖပူးပေါင်းအဖွဲ့မှ ပစ်သတ်ခဲ့ကြောင်း KRFမှ ထုတ်ပြန်ထားချက်အရ သိရသည်။
ပြီးခဲ့သည့်မတ်လတွင် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်နီးစပ်သူများ စစ်မှူးထမ်းကိစ္စဆိုင်ရာ ဆောင်ရွက်သူ အုပ်ချုပ်ရေးမှူး၊ ဘုန်းကြီး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ပျူစောထီးအပါအဝင် စုစုပေါင်း ၆ဦးပစ်သတ်ခံရကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ၏ သတင်းစုစည်းချက်အရ သိရသည်။
စစ်မှူးထမ်ဥပဒေကိုအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သူနှင့် ပူးပေါင်းဆောင်ရွက် သူများကို ထိရောက်စွာအရေးယူသွားမည်ဟု ကျိုက်ထိုမြို့နယ်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုမှ မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။