တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်နည်းပညာတက္ကသိုလ်မှ Non-CDM ဒု-ပါမောက္ခချုပ် ဦးကျော်အောင်နှင့် ပါမောက္ခ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဗထူးတပ်မတော် (BHA) က ထုတ်ပြန်သည်။
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ နည်းပညာတက္ကသိုလ်အနီး ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ကပ်လျက် ဘုရားမဲဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် ကင်းစခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဗထူးတပ်မတော်က ထုတ်ပြန်ထားသည်။
ယင်းနောက် ထားဝယ်နည်းပညာတက္ကသိုလ်တွင် စစ်ကျွန်ပညာရေးစနစ်ကို အသက်သွင်းဆောင်ရွက်နေသည့် Non-CDM ဒု-ပါမောက္ခချုပ် ဦးကျော်အောင်၊ ပါမောက္ခ ဒေါ်စုစုလတ်နှင့် ဒေါ်နန္ဒာလွင်တို့ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး အချို့ထိခိုက်ဒဏ်ရာရရှိသလို MA-3 လက်နက် ၂ လက် ကျည်ဘောက် ၆ ခု၊ ၄၀ မမ ၆ လုံး၊ ကျည် ၂၀၄ တောင့်တို့ကို သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ဖော်ပြထားသည်။
စစ်ကောင်စီဘက်ကလည်း ဒုပါမောက္ခချုပ် ဦးကျော်အောင်အပါအဝင် ၃ ဦးကို PDF တို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းကို ယနေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဆရာ၊ ဆရာမများကို အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် စစ်ရေးရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမများ ပြန်လည်ကယ်တင်နိုင်ရေး ရှာဖွေလျက်ရှိကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဗထူးတပ်မတော်ကတော့ အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရှိန်မြှင့်ကာ အမြစ်ပြတ်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်သည့်အတွက် ပြည်သူများ စစ်ရေး၊ အသိသတိဖြင့် သွားလာနေထိုင်ကြရန် အသိပေးထုတ်ပြန်ထားသည်။