နိုဝင်ဘာ ၂၁၊ ၂၀၂၃
မွန်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူသူများပြားနေသည်ဟု ဘဏ်ဝန်ထမ်းနှင့် အသုံးပြုသူတို့ထံမှ သိရသည်။
ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူသူများပြားနေသော်လည်း ဘဏ်ဘက်က လိုအပ်သည့်ငွေကြေးပမာဏအတိုင်း ထုတ်ပေးနေကြောင်း မော်လမြိုင်မှ ဟော်တယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ သောကြာနေ့လောက်အထိက ကျနော် KBZ ဘဏ်မှာ သွားထုတ်တာတော့ ကန့်သတ်ထားတာ မရှိသေးဘူး။ ဧရာဝတီဘဏ်မှာလည်း အဲ့လိုပါပဲ သိန်း တစ်ထောင်လောက်ထုတ်တာကို အကုန်ထုတ်ပေးပါတယ်” ဟု ၎င်းဟော်တယ်လုပ်ငန်းရှင်က ဆိုသည်။
ဘဏ်ငွေကြေးထုတ်ယူရာတွင် အကန့်အသတ်ဖြင့် ထုတ်ပေးလာမည်ကို စိုးရိမ်သည့်အတွက် ယခုရက်ပိုင်းတွင် ငွေထုတ်သူ များပြားလာသည်ဟု ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“အခုက လာထုတ်တဲ့လူချည်းပဲဖြစ်နေတော့ ဘဏ်ကလည်း သူတို့ လက်ဝယ်ထားတဲ့ငွေတွေနည်းနေရင် ဥပမာ ၁၀၀ လောက်ထုတ်ရင် ၂၀ လောက်ပဲပေးချင် ပေးတော့မှာ အဲဒါကို စိုးရိမ်ကြတာ။ ဘဏ်ပိတ်သွားမှာကိုစိုးပြီးတော့ အဲလိုလာထုတ်ကြတာ” ဟု ၎င်းက ပြောသည်။
၎င်းပြင် တိုက်ပွဲဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်တွင် ဘဏ်ဝန်ဆောင်မှု ရပ်နားထားသည့်အတွက် အဆိုပါဒေသမှ ပြည်သူများ မော်လမြိုင်၊ မုဒုံ အစရှိသည့်မြို့များဘက်သို့ ဘဏ်ငွေ လာထုတ်နေကြသည့်အတွက် ဘဏ်တွင် ငွေထုတ်သူများပြားပြီး တန်းစီစောင့်ဆိုင်းနေရသည်ဟု ဆိုသည်။
နိုင်ငံအနှံ့ တိုက်ပွဲအရှိန်မြင့်မာလာခြင်းကြောင့် ပြည်သူအများစုက ငွေအစား ခိုင်မာသည့် ဒေါ်လာဝယ်ယူစုဆောင်းခြင်း၊ ရွှေဝယ်ယူခြင်းများ လုပ်ဆောင်လာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေး မြင့်တက်လာသည်ဟု မော်လမြိုင်ခံတို့ထံမှ သိရသည်။
ဘဏ်သတင်းသည် ကောလာဟာလများသာဖြစ်ပြီး ဘဏ် အပ်ငွေများကို နိုင်ငံတော်က ခိုင်မာစွာ အာမခံကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၈ ရက်က စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ပြောဆိုထားသည်။
စစ်ကောင်စီ ဗဟိုဘဏ်အနေဖြင့် ငွေသားထုတ်ယူမှုအပေါ် ကန့်သန့်မှုမရှိကြောင်း၊ သက်ဆိုင်ရာ ဘဏ်ခွဲများ၏ စည်းမျဉ်းစည်းကမ်းအတိုင်း ထုတ်ယူနိုင်ပြီး သတင်းအမှားဖြန့်ဝေသူများကိုလည်း တည်ဆဲဥပဒေသရ အရေးယူသွားမည်ဖြစ်ကြောင်းလည်း နိုဝင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်တွင် ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာ၀တီဘဏ်၊ AGDB ဘဏ်၊ CB ဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ခွဲ အစရှိသည့် ပုဂ္ဂလိကဘဏ်ခွဲများရှိနေကြောင်း သိရသည်။