spot_img
Saturday, July 12, 2025
More
    spot_img
    Homeသတင်း“ကျနော်တို့ မွန်ပြည်နယ်မှာ ကျနော်တို့ ကိုယ်တိုင် တိုက်ပွဲဖော်ဆောင်နိုင်ဖို့ နောက်ပြီးတော့ ပြည်သူမထိခိုက်အောင် ဘယ်လို တိုက်ပွဲဖော်ဆောင်မလဲဆိုတဲ့ စစ်ရေးမဟာဗျူဟာတွေ ကျနော်တို့ စီစဥ်နေတာရှိတယ်”

    “ကျနော်တို့ မွန်ပြည်နယ်မှာ ကျနော်တို့ ကိုယ်တိုင် တိုက်ပွဲဖော်ဆောင်နိုင်ဖို့ နောက်ပြီးတော့ ပြည်သူမထိခိုက်အောင် ဘယ်လို တိုက်ပွဲဖော်ဆောင်မလဲဆိုတဲ့ စစ်ရေးမဟာဗျူဟာတွေ ကျနော်တို့ စီစဥ်နေတာရှိတယ်”

    -

    စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ မွန်ပြည်သူတွေကို ကိုယ်စားပြုတဲ့ တပ်တစ်ခုအနေနဲ့ မွန်ပြည်ကာကွယ်ရေးတပ် MSDF ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိမှာတော့ မွန်ပြည်ကာကွယ်ရေး MSDF ဟာ မွန်ပြည်နယ်တောင်ပိုင်းဒေသဘက်မှာ လှုပ်ရှားနေပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပါတယ်။

    လက်ရှိ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ လှုပ်ရှားမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး ။ ။ မွန်ပြည်ကာကွယ်ရေးတပ် MSDF ကို ဘယ်လို ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာလဲ။

    ဖြေ ။ ။ မွန်ပြည်ကာကွယ်ရေးတပ် ဖွဲ့စည်းရခြင်းရဲ့ အဓိက ရည်ရွယ်ချက် နှစ်ခုပေါ့နော်၊ ရေတို ရည်ရွယ်ချက်နဲ့ ရေရှည်ရည်ရွယ်ချက်လို့ ပြောလို့ရတယ်။ ရေတိုရည်ရွယ်ချက်က တပ်ဖွဲ့စည်းပြီးတော့ နွေဦးတော်လှန်ရေးမှာ အခြားအခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ မွန်ပြည်ကို ကိုယ်စားပြုနေတဲ့ တပ်တစ်ခုအနေနဲ့ ပူးတွဲပြီး တိုက်ပွဲဝင်နိုင်အောင် ဆိုပြီးတော့ မွန်ပြည်ကာကွယ်ရေးတပ် ပထမဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ပေါ့နော်။ ဒုတိယရည်ရွယ်ချက်ကြတော့ ရေရှည်နဲ့သက်ဆိုင်တဲ့ အမျိုးသားရေးကိစ္စနဲ့ပတ်သက်တယ်ပေါ့နော်။ နောက်နောင်မှာ မွန်အမျိုးသားများရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်တဲ့ တောင်းတင်းခိုင်မှာတဲ့ professional Army တစ်ခုလိုမျိုးပေါ့နော်။ မွန်အမျိုးသား တပ်တစ်တပ်ဖြစ်အောင် တည်ဆောက်ဖို့ ကျနော်တို့ ရည်ရွယ်ပြီးတော့ မွန်ပြည်ကာကွယ်ရေးတပ်ကို ဖွဲ့စည်းရခြင်း ဖြစ်တယ်။

     မေး ။ ။ မွန်ပြည် ကာကွယ်ရေးတပ်ရဲ့ စစ်ရေး၊ နိုင်ငံရေးမျှော်မှန်းချက်ကရော ဘာတွေဖြစ်မလဲ။

    ဖြေ ။ ။ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ စစ်ရေးရည်ရွယ်ချက်မှာလည်း ရေတို စစ်ရေးရယ်။ ရေရှည်စစ်ရေးရယ်။ ရေတိုစစ်ရေး မဟာဗျူဟာကြတော့ ခုနားက နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ဆက်စပ်တယ်ပေါ့နော်၊ ရေတိုမှာကြတော့ အခြားမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နောက် PDF တွေနဲ့ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ပြတ် တိုက်ခိုက်ရေးအတွက် ကျနော်တို့ရဲ့ စစ်ရေး မဟာဗျူဟာရည်ရွယ်ချက်ပေါ့နော်၊ နိုင်ငံရေးရည်ရွယ်ချက်ကလည်း စစ်ရေးရည်ရွယ်ချက်နဲ့ သိပ်မကွာပါဘူး။  နိုင်ငံရေးရည်ရွယ်ချက်မှာလည်း ဒီအတိုင်းပဲ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုး ပြုတ်ကျပြီးတော့ ကျနော်တို့ ဗမာပြည်ကို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေး နိုင်ငံရေး ရည်ရွယ်ချက်ရယ်၊ နောက်ပြီးတော့ ကျနော်တို့ မွန်ပြည်နယ်နဲ့ ကျနော်တို့ မွန်လူမျိုးတွေအတွက် ကျနော်တို့ ရည်မှန်းထားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အချုပ်အခြာအာဏာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်တစ်ပြည်ပေါ့နော်၊ အဲဒီပြည်မှာကြတော့ နှစ်မျိုးရှိတာပေါ့ ဖက်ဒရယ်စနစ်ပြည် နောက်ပြီးတော့ ကွန်ဖက်ဒရေးရှင်း ဖက်ဒရယ်စနစ်နဲ့ ချိန်ကိုက်ပေးနိုင်ရင် ဒါပေမဲ့ အခုချိန်မှာကြတော့ မပြောတော့ဘူး။ ဒါပေမဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အချုပ်အခြာနဲ့ ပြည့်ဝတဲ့ မွန်ပြည်တစ်ခုဖြစ်အောင် အဲဒီရည်ရွယ်ချက် နှစ်ခုရှိတာပေါ့၊ ပထမရည်ရွယ်ချက်က တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တယ်၊ တစ်တိုင်းပြည်လုံးကြတော့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်အမျိုးမျိုး အမြတ်ပြတ်ဖြုတ်ချရေးနဲ့ ကျနော်တို့ မွန်အမျိုးသားတွေ ရည်မှန်းထားတဲ့ နှစ် ၇၀ ကတည်းက စပြီးတော့ တော်လှန်ရေး လုပ်လာခဲ့တဲ့ လက်နက်ကိုင်လုပ်လာခဲ့တဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်ပေါ့နော်၊ အမျိုးသားလွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့ အတွက်ပေါ့နော်။

    မေး ။ ။ လက်ရှိမှာ ဘယ်လို စစ်ဆင်ရေးမျိုးတွေကို ဘယ်ဒေသတွေမှာ လှုပ်ရှားနေသလဲ။

    ဖြေ ။ ။ လက်ရှိ အခြေအနေအရ စစ်ရေး လှုပ်ရှားမှုကတော့ အကြီးအကျယ်လှုပ်ရှားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ ဒီမဟာမိတ်တွေနဲ့ ပူးတွဲပြီးတော့ အခြေအနေပေးတဲ့ နေရာတွေကြတော့ ကျနော်တို့ မဟာမိတ်တွေနဲ့ တွဲပြီးတော့ လှုပ်ရှားမှုရှိတယ်၊ ကျနော်တို့ရဲ့ အဓိက စစ်ရေးလှုပ်ရှားမှု နေရာက မွန်ပြည်နယ်တောင်ပိုင်း၊ တနင်္သာရီတိုင်းတို့ နောက်ပြီးတော့ မွန်ပြည်နယ်တောင်ပိုင်းမှာဆိုရင် အထူးအလေးထားပြီးတော့ စစ်ရေးပြင်ဆင်မှုပေါ့နော်၊ စစ်တိုက်တာထက် ကျည်ဆံတစ်ထောင့် ထွက်ခိုင်းတာကို စစ်တိုက်တာမဟုတ်ဘူး။ စစ်ပညာရှင်တွေရဲ့ ပြောဆိုအရဆို စစ်တိုက်တာ စစ်ရေးလှုပ်ရှားတာက မဟာဗျူဟာအရ ပြင်ဆင်ထားမှုပေါ့နော်၊ တိုက်ပွဲဘယ်လို စစ်ဖော်ဆောင်မယ်၊ နောက်ပြီးတော့ မွန်ပြည်သူပြည်သားတွေရဲ့ အထောက်အပံ့ ဘယ်လောက်ရနိုင်မလဲ အဲဒီလိုမျိုး အခြေခံ ဖောင်ဒေးရှင်းပေါ့နော်၊ အဲဒီလိုမျိုး စတင်ပြီးတော့ လှုပ်ရှားလာတယ်၊ စစ်တိုက်တာက လွယ်လွယ်လေးပါပဲ။ စစ်သားတွေကြတော့ အရေးသာတဲ့ နေရာမှာ တိုက်ပွဲဖော်ဆောင်လို့ရတယ်၊ ဒါပေမဲ့ စစ်တိုက်တဲ့နေရာ တစ်ခုခုမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် မွန်ပြည်သူ ပြည်သားတွေရဲ့ အထောက်အပံ့တွေ နောက်ပြီးတော့ မဟာမိတ်တွေရဲ့ ထောက်ခံမှုတွေလည်း လိုတယ်ဆိုတော့ ကျနော်တို့ရဲ့ စစ်ရေးမဟာဗျူဟာအရ ဒီတောင်ပိုင်းမှာကြတော့ ကျနော်တို့ အခြေခံ စခန်းတွေ ဆောက်နေတယ်၊ နောက်ပြီးတော့ အထောက်အပံ့တွေ ရရှိဖို့အတွက် လူထုဆက်ဆံရေးတို့ မူဝါဒချမှတ်ရေးတို့ အဲဒီလိုမျိုးလုပ်ထားတာ တော်တော်လေးတော့ အဆင်သင့်ဖြစ်နေပါပြီ။

    မေး ။ ။ အခု မွန်ပြည်ကာကွယ်ရေးတပ်မှာ အမျိုးသမီးတပ်သားတွေ စစ်သည်‌တော်တွေ ဘယ်လောက်ပါဝင်နေပြီလဲ။ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်ဆိုတာ ပြောလို့ရပြီလဲ။

    ဖြေ ။ ။ အခုလောလောဆယ်ပေါ့နော်၊ အခုအခြေအနေကြတော့ တပ်တည်ခါစလည်း ပြောလို့ရတာပေါ့၊ ကျနော်တို့ မွန်ပြည်ကာကွယ်ရေးတပ် တည်လာတာက ၂၀၂၁ ခုပေါ့နော် စက်တင်ဘာလလောက်မှာ ဒါပေမဲ့ တကယ့်တကယ် reform ပေါ့ ပြုပြင်ပြောင်းလဲပြီးတော့ တောင်းတင်းခိုင်မာတဲ့ တပ်တစ်တပ်ဖြစ်အောင် ဒီဖွဲ့စည်းပုံတို့ နောက်ပြီးတော့ နိုင်ငံရေး၊ စစ်ရေးဦး‌ဆောင်ကော်မတီတို့  ပြန်ဖွဲ့လာတာက ဒီနှစ် ၂၀၂၃ ဇန်နဝါရီလကုန်လောက်မှာ ဖြစ်တယ်၊ တပ်ရဲ့ ဖွဲ့စည်းမှု ပြန်ပြင်တာတို့ နောက်ပြီးတော့ နိုင်ငံရေးဦး‌ဆောင်မှုတို့ စစ်ရေးဦးဆောင်မှု အဲဒီလိုမျိုးလုပ်နေတဲ့ အချိန်ကာလဆိုတော့ တပ်ဖွဲ့စည်းခါစအချိန်လို့ ပြောလို့ရတယ်၊ ဒါပေမဲ့ အရင်တုန်းက ဖွဲ့စည်းတာက မဟာမိတ်နယ်မြေမှာ ရပ်တည်နေတာဆိုတော့ ဒါကြောင့် အခုလောလောဆယ်က ကျနော်တို့ တပ်ထဲမှာ အမျိုးသမီးစစ်သည်တွေရဲ့ ပါဝင်မှု‌တော့ တော်တော်လေးနည်းတယ်၊ အထူးသဖြင့် အမျိုးသမီးတွေကြတော့ ဆေးတပ်ဖွဲ့မှာ ဆေးခန်းမှာ နောက်ပြီးတော့ ဆက်ဆံရေးဌာနတို့ နောက်ပြီးတော့ ဆက်သွယ်ရေးဌာနတို့ အဲဒီလိုမျိုး staff တွေနဲ့ပဲ ပါဝင်တာရှိတယ်၊ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဖော်ဆောင်တဲ့နေရာမှာကြတော့ ပါဝင်နှုန်းတော့ မရှိသေးဘူး။ နောက်နောင် တကယ်လို့ ကျနော်တို့ လှုပ်ရှားမှုအင်အား တိုက်ပွဲဖော်ဆောင်မှု အင်အား တပ်ရဲ့အားလည်း ကြီးမားလာတဲ့အချိန်ကြရင် အမျိုးသမီးတပ်ပေါ့နော် အဲဒီလိုမျိုးဖြစ်ဖို့တော့ ကျနော်တို့ မဟာဗျူဟာရေးချထားတာတော့ ရှိတယ်။

    မေး ။ ။ လက်ရှိ အနေအထားအရ မွန်ပြည်နယ်အတွင်းက မြို့နယ်အများစုတွေမှာ တိုက်ပွဲတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ ရှိလာနေတယ်။ ဒီအခြေအနေမှာ မွန်ပြည်ကာကွယ်ရေးတပ်အနေနဲ့ လူထုတွေကို ဘယ်လို အကာအကွယ်ပေးမှုတွေ လုပ်ဆောင်သွားဖို့ရှိလဲ။

    ဖြေ ။ ။ ကျနော်တို့ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့စည်းရခြင်းရဲ့ ခုနားက ဒုတိယရည်ရွယ်ချက်ပေါ့နော်၊ မွန်ပြည်ကို အကာအကွယ်ပေးနိုင်ဖို့ တောင်းတင်းခိုင်မာတဲ့ တပ်တစ်တပ်ဖြစ်အောင် ရည်ရွယ်တာက ကျနော်တို့ ကျနော်တို့ မွန်ပြည်နယ်မှာရှိတယ်၊ ပြည်နယ်သူ၊ ပြည်နယ်သားတွေပေါ့နော်၊ မွန်လူမျိုးအပါအဝင် မွန်ပြည်နယ်သူ ပြည်နယ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ ကျနော်တို့ တပ်ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်တစ်ခုပါ၊ အခုချိန်မှာကြတော့ ဆရာတို့လည်း သိတဲ့အတိုင်းပဲ ကျနော်တို့ မွန်ပြည်နယ်ဖက်မှာကြတော့ ကျနော်တို့ မွန်လက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲဖော်ဆောင်မှု အားနည်းမှု နောက်ပြီးတော့ တပ်အင်အားနည်းပါးမှု တွေကြောင့် ကျနော်တို့ နယ်မြေမှာ တခြားတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေ တခြား PDF တွေကနေ တိုက်ပွဲလာဖော်ဆောင်တာရှိတယ်၊ ဒီလို ကျနော်တို့ မွန်လူမျိုးတွေအတွက် ပြည်သူတွေ မနစ်နာဖို့ ဒီလိုစစ်မီးထဲမှာ ကျနော်တို့ မွန်တွေကို အထိအခိုက်မများအောင်ဆိုပြီးတော့ ကျနော်တို့ နယ်မြေထဲမှာ ကျနော်တို့ မွန်လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖော်ဆောင်မှရမယ်၊ တချို့အမြင်တွေကြတော့ ကျနော်တို့ မွန်ပြည်သူတွေကို သက်ညှာတယ် မွန်ပြည်နယ်မှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တယ်ဆိုပြီးတော့ တိုက်ပွဲဖော်ဆောင်မှုတွေ မရှိခဲ့ဘူး၊ မလုပ်ခဲ့ဘူး။ ဒါဟာကျနော်တို့ အမြင်အရတော့ မှားတယ်၊ ကိုယ့်ပြည်နယ်မှာကြတော့ စစ်မီးဆိုတာ တောမီးလိုပါပဲ၊ ကိုယ့်ရဲ့နယ်မြေဒေသမှာ ကိုယ့်ရဲ့ မွန်ပြည်နယ်မှာ ကိုယ်က စစ်ပွဲမဖော်ဆောင်ဘူးဆိုရင် အခုလိုမျိုး မဟာမိတ် KNU ကနေ တပ်မဟာ ၈ တို့ ကျ‌နော်တို့ မွန်ပြည်နယ် ဒေသအားလုံးနီးပါးမှာ တိုက်ပွဲ ဖော်ဆောင်မှုတွေရှိတယ်၊ တိုက်ပွဲရဲ့ကြားမှာ ထိခိုက်တာက မွန်ပြည်သူတွေပေါ့နော်၊ ဒါကြောင့်ပဲ ကျနော်တို့ မွန်ပြည်နယ်ကို ငြိမ်းချမ်းစေချင်ရင် ကျနော်တို့ မွန်ပြည်သူကို မထိခိုက်စေတဲ့ ကျ‌နော်တို့ ကာကွယ်ရေးတပ်ပဲဖြစ်ဖြစ်၊ တခြား မွန်ပြည်သစ်ပါတီက တပ်ပဲဖြစ်ဖြစ် တခြားဘယ်တပ်ဖြစ်ဖြစ် ကိုယ့်ရဲ့ နယ်မြေဒေသမှာ ကိုယ်က တိုက်ပွဲဖော်ဆောင်ပြီးတော့ ကိုယ့်ရဲ့ ပြည်နယ်သူ ပြည်နယ်သား မွန်ပြည်သူပြည်သား အ‌ပေါ်မှာ ညှာတာထောက်ထားပြီးတော့ တချို့နေရာမှာကြတော့ ပြည်သူတွေအထိအခိုက်များနေတဲ့ နေရာမှာကြတော့ ကိုယ်က တိုက်ပွဲဖော်ဆောင်ဖို့ မဟုတ်ဘူး။ ဒါကြောင့်ပဲ တောမီးမလောင်ချင်ရင်တော့ တစ်ခါတစ်လေ ကိုယ်က အရင်းစုပြီးတော့ မီးစပြီးတော့ အရင်ရှို့ရတယ်၊ ဒါမှတာ တောမီးကို ကာကွယ်နိုင်မယ်၊ စစ်မှာလည်း ဒီအတိုင်းပဲ စစ်မှာကြတော့ ကျနော်တို့ စစ်ရေးအမြင်ကြတော့ proactive plan၊ proactive Strategy နော်၊ ဒီလိုမျိုး ငြိမ်ငြိမ်နေမယ့်အစား ကိုယ့်ပြည်နယ်ထဲ စစ်ပွဲ မပေါ်လာခင်၊ စစ်ပွဲ မရောက်လာခင်၊ စစ်မီးမရောက်လာခင်ကြိုတင်ပြီးတော့ စစ်ပွဲအတွက် စီစဉ်ထားရမယ်၊ ဖော်သင့်တဲ့နေရာမှာကြတော့ ကိုယ်တိုင် အဲဒီလိုမျိုး တိုက်ပွဲဖော်ဆောင်မှုလုပ်ရင်တော့ အခုလိုမျိုး ကျနော်တို့ မွန်ပြည်နယ်မှာ ရှိတဲ့ မြို့နယ်အများစုမှာ တိုက်ပွဲတွေကြောင့် လုပ်ကြံသတ်ဖြတ်ရတာတို့ ထိခိုက်ဒဏ်ရာရတာတို့ သေကြေရတာတို့ အဲဒီဒဏ်တွေ ကာကွယ်နိုင်မှာပေါ့နော်၊ ဒါကြောင့်မို့လို့ အခုချိန်မှာ ကျနော်တို့ အထူးကြိုးစားနေတယ်၊ ကျနော်တို့ မွန်ပြည်နယ်မှာ ကျနော်တို့ ကိုယ်တိုင် တိုက်ပွဲဖော်ဆောင်နိုင်ဖို့ နောက်ပြီးတော့ ပြည်သူမထိခိုက်အောင် ဘယ်လို တိုက်ပွဲဖော်ဆောင်မလဲဆိုတဲ့ စစ်ရေးမဟာဗျူဟာတွေ ကျနော်တို့ စီစဉ်နေတာရှိတယ်။

    မေး ။ ။ KNU တပ်မဟာ ၄ ရဲ့ ချောင်းမြောင်းပစ်ခတ်မှုကြောင့် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတာတွေလည်းရှိခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ရော ဘယ်လိုအခြေအနေရှိလဲ။

    ဖြေ ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး‌တော့ ကျနော်တို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့တယ်။ ဖြစ်လာပြီးတဲ့ အချိန်မှာကြတော့ ခုချိန်ထိ KNU ဖက်က တာဝန်ခံမှု၊ တာဝန်ယူမှု ဘာမှမရှိသေးဘူး။ တပ်မဟာ ၄ ကိုလည်း ကျနော်တို့ ဆက်သွယ်တယ်၊ နောက်ပြီးတော့ KNU ဗဟိုဌာနချုပ်တို့ နောက်ပြီးတော့ KNU ဗဟိုအတွင်းရေးမှူးတို့ ဥက္ကဋ္ဌကိုယ်တိုင်ကို ကျနော်တို့ ဖုန်းဆက်တယ်၊ ကျနော်ကိုယ်တိုင်လည်း အခါခါ ဖုန်းဆက်တယ်၊ ဒါပေမဲ့ ဖုန်းကိုင်တာ မရှိဘူး။ နောက်ပြီးတော့ တပ်မဟာ ၄ ကို Email နဲ့ ပို့တယ်၊ နောက်ပြီးတော ဗဟိုနဲ့လည်း Email ပို့တယ်၊ Email ပြန်လာတာ တစ်ခုကြတော့ တပ်မဟာ ၄ ပေါ့ အရင်တုန်းက တပ်မဟာ ၄ တပ်ရုံးကနေ ပြန်လာတာက သူတို့ အထက်အရာရှိတွေနဲ့ တင်ပြမယ်လို့ အဲဒီလောက်ပဲ ပြောထားတယ်၊ ဒီနောက်ပိုင်းမှာကြတော့ ဘာမှ ပြန်ကြားလာတာ မရှိဘူး။ KNU ဗဟိုနဲ့ ပတ်သက်ပြီးတော့လည်း ဗဟိုပြောရေးဆိုခွင့်ရှိသူ စောကလယ်စေးနဲ့ တစ်ခါလောက် အဆက်အသွယ်ရတယ်၊ သူကလည်း ဒီအတိုင်းပါပဲ၊ အောက်ခြေ တပ်ဖွဲ့၊ တပ်မှူးတွေရဲ့ အစီရင်ခံစာကို စောင့်နေတယ်၊ ဒါပေမဲ့ အခုချိန်ထိ လနဲ့ချီပြီးဖြစ်နေပြီ ဘာမှအကြောင်းပြန်ကြားတာ မရှိသေးဘူးနော်။ ဒီအပေါ်မှာကြတော့ ကျနော်တို့ မွန်တပ်ဖွဲ့တွေ၊ မွန်အမျိုးသားတွေလည်း တော်တော်လေး မခံမရပ်ဖြစ်နေတယ်၊ အခုချိန်မှာကြတော့ မဟာမိတ် အချင်းချင်းပေါ့နော်၊ ဘုံရန်သူကို တိုက်ပွဲဝင်နေတဲ့ အချိန်မှာကြတော့ အခုလိုမျိုး ကြီးနိုင်ငယ်ငြင်း နောက်ပြီးတော့ မဟာမိတ်မဆန်တဲ့ လုပ်ရပ်တွေ အဲဒီလိုမျိုး မလုပ်သင့်ဘူး။ နောက်ပြီးတော့ အောက်ခြေမှာ ဖြစ်လာခဲ့တဲ့ ပြဿနာတွေကို ကြီးတဲ့ ပြဿနာငယ်သွားအောင်၊ ငယ်တဲ့ ပြဿနာ ရှင်းသွား‌အောင် အပေါ်က တာဝန်ခံတွေပေါ့နော်၊ တပ်မှူးတွေဖြစ်ဖြစ်၊ KNU ခေါင်းဆောင်တွေဖြစ်ဖြစ် ဒီကိစ္စတွေကြတော့ အလေးထားပြီးတော့ ရှင်းလင်းသင့်တယ်၊ အဲဒီလိုမျိုး ကျနော်တို့ မျှော်မှန်းထားတဲ့အတိုင်း ဘာမှမဖြစ်လာခဲ့ဘူးပေါ့နော်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts