မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနှိုင်းရပ်ကွက်ရှိ သာသနာပြု ဓမ္မစကြာကျောင်းတိုက် (ဒေသအခေါ် တောင်ပေါ်ဓါတ်တိုင်ကျောင်း) တွင် သံဃာတော်တစ်ပါး သတ်ဖြတ်ခံရပြီး အိမ်သာကျင်းအတွင်းပစ်ချကာ အလောင်းဖျောက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ ညပိုင်းက သိန်းဇော်၊ ရဲလင်းထွန်း (ခ) ငမျောက်၊ ဘိုဘိုနှင့် အနှေးဆိုသည့် လူငယ် ၄ ဦးတို့က ဘုန်းကြီးကျောင်းဝင်းအတွင်း အရက်သောက်စားနေစဥ် သက်တော် ၆၀ နှစ်ရှိ ဥူးကောသလ္လ (ခ) ဦးဖောင်စိန်ဆိုသည့် သံဃာတော်နှင့် စကားများရန်ဖြစ်ခဲ့ကြသည်။
ထိုသို့ စကားများရန်ဖြစ်ခဲ့ကြပြီး လူငယ် ၄ ဦးတို့မှ ဥူးကောသလ္လအား ရဲဒင်းဖြင့် ခုတ်သတ်ပြီး ကျောင်းတိုက်အနောက်ဘက်က ပေ ၅၀ ခန့်အကျယ်ရှိ အိမ်သာကျင်းထဲ ပစ်ချခဲ့သည်။
“ကျောင်းထိုင်ဆရာတော်ရဲ့ သတင်းပေးချက်အရ အသတ်ခံရတဲ့ သံဃာတော်အလောင်းကို တွေ့ရှိခဲ့ရတာပါ။ လောလောဆယ် ရဲလင်းထွန်း (ခ) ငမျောက်၊ ဘိုဘိုနဲ့ အနှေး တို့ ၃ ဦးကို ဖမ်းဆီးရမိထားတယ်။ သိန်းဇော်ဆိုသူက ထွက်ပြေးတိမ်းရှောင်နေလို့ ရှာဖွေနေပါတယ်” ဟု လုံခြုံရေး ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သိန်းဇော်၊ ရဲလင်းထွန်း (ခ) ငမျောက်၊ ဘိုဘိုနှင့် အနှေးတို့သည် ပေါင်မြို့၊ မိုးနှိုင်းရပ်ကွက်နေသူများဖြစ်ကြောင်းလည်း ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။