မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မုဒုံကန်ကြီးကန်အတွင်း ရေဆင်းကူးသည့် သားအဖနှစ်ဦး ဖေဖေါ်ဝါရီလ ၁၈ ရက် ညနေ ၅ နာရီအချိန်ခန့်က ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မုဒုံမြို့က ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းတို့ထံမှ သိရသည်။
ရေနစ်သေဆုံးခဲ့သည့် သားအဖနှစ်ဦးသည် မုဒုံမြို့၊ မြို့မ (၂) ရက်ကွက်၊ ကုက္ကိုတန်းရပ်၊ ဇီဇဝါလမ်းနေ အသက် ၅၃ နှစ်အရွယ် ဦးရွှေမြင့်နှင့် သားဖြစ်သူ အသက် ၁၂ အရွယ် မောင်သိန်းထူးဇော်တို့ဖြစ်ကြောင်း သိရသည်။
“ညနေ ၅ နာရီလောက်မှာ ကန်ကြီးထဲ ရေဆင်းကူးတဲ့ သားအဖနှစ်ဦး ရေနစ်နေတယ်ဆိုတဲ့ သတင်းရတဲ့အတွက် မုဒုံမြို့အခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီးတော့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပါတယ်။ သားအဖနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ညနေ ၅ နာရီခွဲအချိန်လောက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်” ဟု မုဒုံမြို့အခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေနစ်သေဆုံးသွားခဲ့သည့် သားအဖနှစ်ဦး၏ ရုပ်အလောင်းကို မုဒုံမြို့အခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းတို့၏ လူနာတင်ယာဉ်ဖြင့် မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။