တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ခဲချောင်းကျေးရွာအနီး မြိတ်-ကော့သောင်းကားလမ်းပေါ်တွင် ဖေဖေါ်ဝါရီလ ၁၇ ရက် ညနေက ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ပစ်ခတ်ခံခဲ့ရသည့် ရွှေညီကို မော်တော်ယာဉ်လိုင်းမှ အန်စာတုံးခရီးသည်တင်ကားသည် ဖေဖေါ်ဝါရီလ ၁၇ ရက် ညနေ ၄ နာရီအချိန်ခန့်က မြိတ်မြို့ဘက်မှ ကော့သောင်းမြို့သို့ သွားနေစဉ် ခဲချောင်းကျေးရွာအနီးအရောက်တွင် ပစ်ခတ်ခံရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အန်စာတုံးယာဉ်ပေါ်မှာ ကလေး ၂ ဦးနဲ့ ယာဉ်မောင်းအပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦး လိုက်ပါလာတယ်။ အဲ့ဒီ ခဲချောင်းကျေးရွာလမ်းဆုံအရောက်မှာ လက်နက်ကိုင်အဖွဲ့က ကားကိုရပ်ခိုင်းတာ မရပ်လို့ သေနတ်နဲ့ ပစ်လိုက်တဲ့ပုံစံမျိုး ဖြစ်သွားတာလို့ သိရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ကားပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသူများအနက် ကျွန်းစုမြို့နယ်၊ မိုင်းတွင်းကျေးရွာမှ အသက် ၂၁ နှစ်ရှိ မပြည့်ဝါဆိုသည် ဝဲဘက်ကျောရိုးဘေး၊ ဝဲရင်အုံကျည်ဖေါက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားပြီး၊ ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်နေ (GREAD – 2) ကျောင်းသား မောင်ပြည့်ဖြိုးအောင် ၉ နှစ်သည် ယာကျောပြင်ကျည်ဖောက်ဝင်ပြီး ဝဲရင်အုံကျည်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
“ခရီးသည်တင်ကားပေါ်မှာက ကရသူရိမြို့ဘက်မှာရှိတဲ့ မင်္ဂလာဆောင်တစ်ခုမှာ အလှပြင်ပေးမယ့်သူနဲ့ ဓါတ်ပုံဆရာတွေ၊ ဗီဒီယိုရိုက်မယ့်သူတွေပါ ပါလာတာလို့ သိရတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးက မိတ်ကပ်ဆရာမလို့ သိရတယ်” ဟုလည်း အထက်ပါ ဒေသခံက ဆက်ပြောသည်။
အဆိုပါ ခရီးသည်တင်ကား ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မနိုးရုံးကျေးရွာကာကွယ်ရေးအဖွဲ့က ၎င်းတို့အဖွဲ့က မှားယွင်း ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်ကလည်း ရေဖြူမြို့နယ် ရာဖူးရွာသစ်ဘုန်းကြီးကျောင်းကားကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ပြီး ကားပေါ်ပါလာသည့် ဆရာတော် ပျံလွန်တော်မှုပြီး၊ အမျိုးသမီးတစ်ဦးလည်း သေဆုံးသွားခဲ့သည့်ဖြစ်စဥ် ရှိခဲ့သည်။