spot_img
Monday, October 13, 2025
More
    spot_img
    Homeသတင်းစစ်‌ကောင်စီလက်ထက် တိုင်းရင်းသားအခွင့်အရေး မရရှိနိုင်

    စစ်‌ကောင်စီလက်ထက် တိုင်းရင်းသားအခွင့်အရေး မရရှိနိုင်

    -

    ယခုဆို မြန်မာစစ်တပ် သို့ မဟုတ် စစ်ကောင်စီက အာဏာသိမ်းထားတာ ၂ နှစ်နီးပါး ရှိပြီ ဖြစ်ပါတယ်။ တခုသေချာနေသည်မှာ မြန်မာစစ်တပ်သည် ၂၀၀၈ ဖွဲ့ စည်းပုံအရအာဏာကို ဆက်လက်ရယူထားရန်ဆက်ကြိုးစားနေပါသည်။ ဖက်ဒရယ်တို့ ဒီမိုကရေစီတို့ ဆိုသည့် စကားလုံးကို ဝတ်ကြေတန်းကြေ ပြောနေခြင်း ဖြစ်ပါသည်။

    စစ်ကောင်စီလက်ထက်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်များ ရရှိမှာမဟုတ်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

    စစ်ကောင်စီကို ဖြုတ်ချပြီး တိုင်းရင်းသားအားလုံးပါဝင်သည့် ပြည်ထောင်စုတပ်မတော်နှင့် အစားထိုးနိုင်မှသာ အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    “ဒီစစ်ကောင်စီရှိနေသ၍၊ စစ်အုပ်စုရှိနေသရွေ့ ဘယ်လိုမှ ပင်လုံညီလာခံပဲဖြစ်ဖြစ်၊ တိုင်းရင်းသား အခွင့်အရေးတွေပဲဖြစ်ဖြစ်၊ တိုင်းရင်းသား မပြောနဲ့လေ ပြည်တွင်းက ဗမာလူမျိုးတွေလည်း အခွင့်အရေးမရှိပါဘူး။ ဗမာပြည်ရဲ့ ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံပါတယ်၊ တိုင်းရင်းသားအရေးမပြောနဲ့ ကျမတို့ ဗမာပြည်မကြီးက ဗမာလူမျိုးတွေရဲ့ အရေးလည်း ဒီစစ်အုပ်စုကို မဖယ်ရှားနိုင်သရွေ့ ကျမတို့ ဘာမှ မရနိုင်ပါဘူး။ အဲဒီတော့ ကျမတို့ အားလုံး ဦးတည်ထားရမှာကတော့ စစ်အာဏာရှင်စနစ်ပြုတ်ရေး၊ စစ်ကောင်စီ ပြုတ်ရေး ဒီစစ်တပ်ကို ကျမတို့ ပြည်သူ့တပ်မတော်နဲ့ အစားထိုးနိုင်မှ သာလျှင် ပြည်သူ့တပ်မတော်ဆိုတာ တိုင်းရင်းသားတွေပါ ပါတယ်နော်၊ ပြည်ထောင်စုတပ်မတော်နဲ့ အစားထိုးနိုင်မှ ဒီပြဿနာတွေ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်” ဟု ဒေါက်တာလှကျော်ဇောက ဆိုသည်။

    စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီကို လက်မခံသည့် ပြည်သူတို့က လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲလာခဲ့သည်။

    မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားအခွင့်အရေးများ၊ ပင်လုံစာချုပ်များကို ခေတ်အဆက်ဆက် အစိုးရများက အကောင်အထည်ဖော်မှုမရှိကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

    “ဗမာပြည်မှာ ဘာတွေဖြစ်နေလဲ ၇၅ နှစ် လွတ်လပ်ရေးရပြီး ဘာမှ အဓိပ္ပာယ်မှ မရှိပါဘူး ခုထိ၊ ကျ‌နော်တို့ တိုင်းရင်းသားတွေက ထားပါ၊ ဗမာပြည်သူလူထုတွေကို၌ကလည်း ဒီဟာကို နှစ်နှစ်ကာကာရှိသလားဆိုတဲ့ဟာ မေးခွန်းထုတ်စရာဖြစ်လာတယ်၊ ကျနော်တို့ကတော့ နဂိုကတည်းကလည်း ပင်လုံစာချုပ်အရ ပါဝင်ခဲ့တယ်၊ ပါဝင်ခဲ့တာ ဖြစ်ပါတယ်၊ ဒီဟာကို အခုထိ အကောင်အထည်မဖော်တာလည်း အစိုးရဆက်ဆက်က ဖြစ်နေပြီ အခုက ဘာကြောင့်လဲ ဘယ်လိုပြောရမှန်းတောင်မှ မသိတော့ပါဘူး ကျနော်တို့လည်း” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး အစရှိသည့် တိုင်းနှင့် ပြည်နယ်တို့တွင် စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ စစ်ရေးပဋိပက္ခမှာ ပိုမိုပင် ကျယ်ပြန့် လာပြီး တိုင်းပြည်ဧရိယာ၏ ၅၀-၆၀ ရာခိုင်နှုန်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

    ၁၉၆၂ ခုနှစ်ကတည်းက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအမြင်ပေါ် ကန့် ကွက်ပြီး အာဏာသိမ်းခဲ့သည့် မြန်မာ/ဗမာစစ်တပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD  အစိုးရလက်ထက်တွင် ကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံတွင်လည်း ဖက်ဒရယ်ပြည်ထောင်စု မပေါ်ပေါက်အောင် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့သည်။

    လက်ရှိ အခြေအနေတွင် ဒီမိုကရေစီစနစ်နှင့် ပင်လုံစာချုပ်အရ ကတိကဝတ်ပြုခဲ့သည့် ဖက်ဒရယ်စနစ်ကို ဖျက်သိမ်းခဲ့သည့် မြန်မာ/ဗမာစစ်တပ်အနေဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီး ရွေးကောက်ပွဲ ပြုလုပ်သော်လည်း ၎င်းတို့ မှ အာဏာလက်လွတ်လိုခြင်း မရှိပေ။ ထို့ ကြောင့် ဒီမိုကရေစီအင်အားစုတို့ မှ အားကောင်းလာခြင်းကြောင့် ၂၀၂၁ ခုနှစ်တွင် အာဏာထပ်သိမ်းသည်။ ယခုအခါ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပြီး ၎င်းတို့ အာဏာတည်မြဲရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။

    မြန်မာ/ ဗမာစစ်တပ်မှ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တတိုင်းတနိုင်ငံလုံးတွင် တိုင်းရင်းသားပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါသည်။ ပြည်သူများ၏ တောင်းဆိုချက်ကား ရှင်းပါသည်။ ၂၀၀၈ ဖွဲ့ စည်းပုံ ဖျက်သိမ်းရေး၊ စစ်တပ်မှ နိုင်ငံရေးကနေ ထွက်ခွာပေးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အတိအလင်း တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။

    မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၇၅ နှစ်ကြာကာလတွင် မြန်မာ/ဗမာစစ်တပ်က အုပ်ချုပ်ခဲ့သည့်ကာလကား နှစ် (၅၀) ကျော်ပါသည်။ စစ်တပ်မှ နိုင်ငံရေးတွင် ပါဝင်နေခြင်းကြောင့် ပြည့်ဝသော ဒီမိုကရေစီစနစ်သို့ မရောက်ရှိခဲ့ပေ။ စစ်တပ်မှ ဖက်ဒရယ်စနစ်ကို ဆန့်ကျင်ပြီး ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးသည့် အဖွဲ့ အစည်းဖြစ်သည့်အတွက် စစ်တပ်မှ ဖက်ဒရယ်စနစ်ကို အာမခံပေးမည် မဟုတ်ပေ။ ထို့ ကြောင့် မြန်မာ/ဗမာစစ်တပ်လက်ထက်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုင်းရင်းသားပြည်သူတို့ ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေးတို့ ကား ဖြစ်ပေါ် လာမည် မဟုတ်ကြောင်း တင်ပြရပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts