မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ ကြိုးတံတားကျေးရွာ ဘုန်းကြီးကျောင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
ရေးမြို့နယ်မြောက်ပိုင်း၊ ဒုံဖီကျေးရွာအုပ်စု၊ ကြိုးတံတားကျေးရွာရှိ စစ်ကောင်စီစခန်းငယ်တစ်ခုကို ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြောက်ပိုင်း) YPDF နှင့် ရေးပြောက်ကျားအဖွဲ့ YGF ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်အတွင်း ရေးမြို့နယ် မော့ကနင်းကျေးရွာအခြေစိုက် ခလရ ၅၈၈ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ကူခဲ့သည်။
ခလရ ၅၈၈ တပ်ရင်းမှ ပြန်လည်ပစ်ကူခဲ့သော လက်နက်ကြီးကျည်သည် ကြိုးတံတားကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။
“ကြိုးတံတားဘုန်းကြီးကျောင်းအဆောက်ဦးထဲမှာ လက်နက်ကြီးကျည် ကျကွဲသွားလို့ အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးသွားတယ်”ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားသည့် အမျိုးသမီးအလောင်းကို လှုမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လမိုင်းမြို့သုဿာန်တွင် မီးသင်္ဂြိုဟ်လိုက်သည်ဟုလည်း သိရသည်။
ကြိုးတံတားကျေးရွာရှိ စစ်ကောင်စီစခန်းငယ်တိုက်ခိုက်မှုတွင် ခလရ ၅၈၈ တပ်ရင်းမှ ပြန်လည်ပစ်ကူပေးခဲ့ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြောက်ပိုင်း) YPDF က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်ကြောင်း YPDF က ထုတ်ပြန်ထားသော်လည်း ထိခိုက်မှုအခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်ကို ၄ ကြိမ် ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ၁၈ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။