နိုင်ငံတော်အာဏာကို သိမ်းယူထားသည့် စစ်ကောင်စီ ရှိနေသ၍ ငြိမ်းချမ်းရေးရရှိမှာ မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့တို့က ပြောဆိုလိုက်သည်။
စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးနောက် မြန်မာပြည်ကို ရာသက်ပန် အုပ်ချုပ်ရန် ရည်ရွယ်ပြီး ယနေ့ တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“ငြိမ်းချမ်းရေးက မရနိုင်ပါဘူး။ စစ်ကောင်စီအမြစ်ပြတ်ပြီးမှ ငြိမ်းချမ်းရေးက ရမှာပါ၊ စစ်ကောင်စီအမြစ်ပြတ်သွားမှ ငြိမ်းချမ်းရေးရမှာ၊ စစ်ကောင်စီ ရှိနေသရွေ့ ဘယ်လိုငြိမ်းချမ်းရေးမှ ရမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက ဒီအာဏာကို မတရားသဖြင့် ရယူပြီးတဲ့နောက် ရာသက်ပန် ဗမာပြည်ကို စစ်တပ်က စိုးမိုးအုပ်ချုပ်သွားဖို့ ရည်ရွယ်ချက်နဲ့ ဒီနေ့ တိုက်ပွဲဖြစ်နေတာဖြစ်တဲ့အတွက် ဒီစစ်ကောင်စီကို မဖယ်ရှားနိုင်သမျှ ငြိမ်းချမ်းရေးဆိုတဲ့ စကားဟာ မရပါဘူး။ စစ်ကောင်စီ အထိနာအောင်၊ နလန်မထူအောင် လုပ်နိုင်မှသာလျှင် ငြိမ်းချမ်းရေးစကားတွေ သူတို့ ပြောလာမှာ ဒီနေ့တော့ မပြောသေးပါဘူး” ဟု ဦးသန်းစိုးနိုင်က ပြောလိုက်ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချပြီး နိုင်ငံတော် အာဏာကို သိမ်းယူခဲ့သည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းကာ စစ်ကောင်စီကို ဖြုတ်ချရေး တိုက်ပွဲဝင်လျက်ရှိသည်။
သို့သော်လည်း အခြားတစ်ဖက်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခု ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေသည်။
ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို လက်တွေ့ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် နိုင်ငံကို အုပ်ချုပ်နေသည့် အဖွဲ့အစည်းက တာဝန်ယူ ဖြေရှင်းရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။
“မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လုပ်ဖို့ လိုတယ်၊ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို အမှန်တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုတယ်၊ ပါးစပ်ပြော ပြောနေလို့မရဘူး။ ပါးစပ်ပြောပြောနေရင်တော့က အခုပြောနေတဲ့ ပဋိပက္ခ၊ အမှန်က ပဋိပက္ခမဟုတ်ဘူး။ ပြည်တွင်းစစ်ကို ဖြစ်နေတာဖြစ်တယ်၊ အဲဒါကြောင့် ဒါတွေကို ချုပ်ငြိမ်းဖို့အတွက် ဒီနိုင်ငံကို အုပ်ချုပ်တယ်ဆိုတဲ့ အဖွဲ့အစည်းတွေက အဓိကတာဝန်ယူပြီး ဖြေရှင်းဖို့တာဝန်ရှိတယ်လို့ ကျနော်ပြောချင်တယ်” ဟု ဦးသာလှထွန်းက ပြောသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်းပြည်နယ်တို့တွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီက ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရန် NCA လက်မှက်ထိုး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ဖွဲ့၏ အဆိုပြုမှု ကြိုးပမ်းချက်ကို စစ်ကောင်စီက လက်မခံဘဲ ငြင်းပယ်ခဲ့ကြောင်း သိရသည်။