မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ရေးမြို့နယ်ရှိ အမြောက်တပ်ကို ၇၉ လက်နက်၊ ၄၀ မမတို့ဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ရေးဘီလူးအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမြောက်တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိသလို ထိခိုက်ဒဏ်ရာရသူများလည်း ရှိနိုင်သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
“ထိခိုက်မှု အများအပြားရှိတယ်လို့ သိရတယ်၊ သေဆုံးမှုလည်း ရှိနိုင်တယ်လို့လည်း ကျွန်တော်တို့ သိရတယ် ဒါပေမယ့် အတိအကျတော့ ကျွန်တော်တို့ မထုတ်ပြန်နိုင်ဘူး၊ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ထုတ်ပြန်ပြောဆိုထားသည်။
သို့သော်လည်း စစ်ကောင်စီဘက်က ရေးမြို့နယ်အခြေစိုက် အမြှောက်တပ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါ။
ရေးမြို့နယ်အခြေစိုက်အမြောက်တပ်ကို ဒေသတွင်းလှုပ်ရှားနေသည့် ကာကွယ်ရေးတပ်တို့က မကြာခဏ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ရေးမြို့မရဲစခန်း စခန်းမှူးနှင့် တပ်သားနှစ်ဦးကို ရေးဘီလူးအဖွဲ့က ရေးမြို့နယ်အခြေစိုက် တပ်ရင်း ၁၉ အနီး ရေး-ထားဝယ်ကားလမ်းမပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်။
ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် ဌာနဆိုင်ရာရုံးတွေ ရဲစခန်းတွေနှင့် စစ်ဆေးရေးဂိတ်တွေကိုလည်း မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။
၎င်းပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ အရပ်သားဝန်းထမ်းတွေနှင့် စစ်ကောင်စီသတင်း ဒလန်ဆိုပြီး သတ်မှတ်ခံရသည့်လူတွေကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။