မော်လမြိုင်-ရန်ကုန် မီးရထားခရီးစဉ်များ ဒီဇင်ဘာ ၁၅ ရက်နေ့မှစကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထား(မော်လမြိုင်)ထံမှ သိရသည်။
ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်းတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ရထားလမ်းပိုင်း၊ ရထားလမ်းကူးတံတားနှင့် ရထားတွဲများ ပျက်စီးပြီး ရထားခရီးစဥ်များလည်း ရပ်နားထားရသည်။
ပျက်စီးသွားသော မီးရထားလမ်းပိုင်းများ ယခုအခါတွင် ပြန်လည်ပြင်ဆင်ထားပြီဖြစ်သည့်အတွက် မီးရထားခရီးစဥ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီးဟု မြန်မာ့မီးရထား(မော်လမြိုင်)မှ တာဝန်ရှိသူက ပြောသည်။
“မနက် ၉ နာရီ ထွက်တဲ့ အမှတ် ၉၀ အစုန် မော်လမြိုင် – ရန်ကုန် အမြန်ရထားခရီးစဉ်နဲ့ ည ၈ နာရီအချိန်မှာထွက်မယ့် အမှတ် ၈၂ အစုန် မော်လမြိုင် – ရန်ကုန် လေအိတ်အမြန်ရထား ခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးနေပါပြီး”ဟု ၎င်းက ပြောသည်။
ရထားလက်မှတ်များကို ကြိုတင်ဝယ်ယူနိုင်ပြီးဖြစ်သည်ဟုလည်း မြန်မာ့မီးရထား(မော်လမြိုင်)မှ တာဝန်ရှိသူက ဆက်ပြောသည်။
ရထားခရီးစဉ်များ ရပ်ထားခဲ့ရစဥ်က ခရီးသည်များအား လက်မှတ်ဖိုး ပြန်အမ်းပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်မှ ရထားဖြင့် ခရီးသွားခဲ့သူ အမျိုးသားတစ်ဦးက “ညရထားတွေပဲ ဖြစ်တာလားလို့။ မနက်ပိုင်းသွားတဲ့ရထားတွေ အဲလိုဖြစ်တယ် မကြားမိဘူး။ အရင်ကလည်း ဖြစ်ဖူးတယ်လေ။ ညရထားပဲ ထိတာ”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်၊ ည ၁၁ နာရီအချိန်ခန့်က မော်လမြိုင်မှ ရန်ကုန်သို့ထွက်ခွာလာသော လူစီးမီးရထားမှာ ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာအနီး ရထားလမ်းမိုင်းခွဲခံရသောကြောင့် ရထားလမ်းပျက်စီးကာ ရထားတွဲ နှစ်တွဲ လမ်းချော်ခဲ့ကြောင်း သိရသည်။