နေပြည်တော် ဘောဂသီရိကားဝင်းအတွင်းရှိ တော်ဝင်ကားဂိတ်တွင် ပါဆယ်ပုံးအတွင်း ဗုံးတွေ့ရှိမှုနှင့် သထုံမြို့နယ်က ကားလက်မှတ်အရောင်းဆိုင် မိသားစုဝင် သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဖမ်းဆီးခံရသူတို့သည် သထုံမြို့နယ် နောင်ကုလားကျေးရွာက ကားလက်မှတ်အရောင်းဆိုင် ကိုညီညီရှိန်နှင့် ၎င်း၏ ဇနီးနှင့် ကလေးဖြစ်သူတို့ဖြစ်သည်။
“သူတို့ လက်မှတ်ရောင်းတဲ့ ဂိတ်ကနေ တင်ပေးလိုက်တဲ့ ပါဆယ်ပုံးထဲကနေ ဗုံးငါးလုံးတွေ့တယ်ဆိုပြီး တစ်မိသားစုလုံးကို လာဖမ်းသွားတာ”ဟု အဆိုပါ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် မိသားစုဝင်သုံးဦးလုံးကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း လည်း ၎င်းက ဆက်ပြောသည်။
ကားလက်မှတ်အရောင်းဆိုင် မိသားစုဝင်သုံးဦးတို့ကို ဒီဇင်ဘာ ၁၁ ရက်နေ့က လာရောက်ဖမ်းဆီးခဲ့ သည်ဟု ဒေသခံတို့က ပြောသည်။
“အင်အားအပြည့်အစုံနဲ့ လာပြီး ဖမ်းခေါ်သွားတာ။ သူတို့တင်ပေးလိုက်တဲ့ ပါဆယ်ထဲမှာ ဗုံးပါတယ်လို့တော့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်တွင် ဘောဂသီရိကားဝင်းရှိ တော်ဝင်ကားဂိတ်သို့ ရောက်ရှိလာသော ပါဆယ်ပုံးကို ဖွင့်ဖောက်စစ်ဆေးရာ မုန့်ပုံးအတွင်း၌ ဗုံး ၅ လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။