မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၁)
ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်တင်မာလွင် နှင့် လုပ်ငန်းရှင် ၅ ဦးအား စစ်တပ်က ယမန်နေ့ (စက်တင်ဘာလ ၂၂ရက်နေ့)တွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးနှင့်လုပ်ငန်းရှင်များကို ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်တပ်က မေးမြန်းစရာရှိဟုဆိုကာ ခေါ်ဆောင်သွားပြီး မိသားစုများ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။
” မေးစရာရှိလို့လို့ပြောပြီးတော့ခေါ်တာပါ။ အခုထိပြန်မလွတ်သေးပါဘူး။အဆက်အသွယ်လည်းမရသေးပါဘူး” ဟု ဖမ်းဆီးခံရသည့် အုပ်ချုပ်ရေးမှူး မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ထို့အပြင် မျိုးမြင့်နှင့်သားများ လျှပ်စစ် ပစ္စည်း ဆိုင်ပိုင်ရှင် ဦးမျိုးမြင့်၊ ဇွဲ ရတနာ ဆိုင်ပိုင်ရှင် ဦးမင်းဇော်၊ ဝင်းဝင်းဌေး ရွှေဆိုင်ပိုင်ရှင်ဦးခင်စိုးနှင့် ဦးမြသိန်း ဖုန်း ပစ္စည်း ဆိုင်ပိုင်ရှင် ကိုမျိုးလင်းထွဋ္ဋ် တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဖမ်းဆီးရခြင်းအကြောင်းအရင်းနှင့် လက်ရှိအခြေအနေကို မေးမြန်းရန်ကျိုက်ထိုမြို့မ ရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမှူမရှိခဲ့ပါ။
