spot_img
Tuesday, March 3, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးJMC-S တွင် မွန်ပြည်သစ်ပါတီ ပါဝင်နိုင်ခြင်းမရှိသေး

    JMC-S တွင် မွန်ပြည်သစ်ပါတီ ပါဝင်နိုင်ခြင်းမရှိသေး

    -

    ရွှေရိုး(မော်လမြိုင်၊ ဇူလိုင် ၂၉)

    မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S တွင် ပါဝင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

    “ကျွန်တော်တို့ ဆက်မဆွေးနွေးဖြစ်တာ ကြာပြီ၊ ကျွန်တော်တို့ တောင်းဆိုထားတာက JMC-S အဆင့်ပေါ့နော်၊ အဲဒီမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး အဲဒီမှာပေါ့လေ ကျွန်တော်တို့ အားလုံးပါဝင်ခွင့်ရဖို့ တောင်းဆိုထားတာ၊ တပ်မတော်ဘက်က မွန်ပြည်နယ်တစ်ခုတည်းကိုပဲ သဘောတူထားတဲ့အနေအထားရှိတော့ ဒါကိုကျနော်တို့က လက်မခံန်ုိင်သေးဘူး။ အားလုံးပါနိုင်အောင်တော့ ကျွန်တော်တို့ အဆိုပြုထားခဲ့ပါပြီ”ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တို့တွင် ပါဝင်ခွင့်ရမှသာ မွန်ပြည်နယ် JMCs တွင် ပါဝင်သွားမည်ဟု မွန်ပြည်သစ်ပါတီက ဆုံးဖြတ်ထားသည်။

    အဆိုပါ တစ်ဆို့နေမှုများကိုိ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တွင် ရှင်းလင်းသွားမည်ဟု ယူဆကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီပါတီ ပြည်တွင်းရေးရာတာဝန်ခံ ဆိုသည်။

    ထို့ပြင် NCA မရေးထိုးခင်ကတည်းက သိမ်းဆည်းခံထားရသည့် မွန်ပြည်သစ်ပါတီ တပ်တည်ခွင့်ရ ဂိတ်နေရာနှစ်ခုကိုလည်း တပ်မတော်မှ မွန်ပြည်သစ်ပါတီထံ ပြန်လည်လွှဲပြောင်းပေးခြင်း မရှိသေးပေ။

    အလားတူ တစ်ဆို့မှုဖြစ်နေသော ငြိမ်းချမ်းရေးကိစ္စရပ်များကို အစိုးရ(အစိုးရ၊ လွှတ်တော်၊ တပ်မတော်) နှင့် သက်ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်များတို့ နှစ်ဖက်အကျေအလည်ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာမှသာ ရှေ့ဆက်လမ်းကြောင်း ပွင့်သွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက ပြောသည်။

    ၄င်းက “ကျွန်တော်တိုက်တွန်းချင်တာက တစ်ဆို ့နေတဲ့ကိစ္စတွေကို နှစ်ဖက်ခေါင်းဆောင်တွေက အကျေအလည်ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာမှသာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှေ့ဆက်လမ်းပွင့်သွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး)ကို ယမန်နှစ် ဇူလိုင်လအတွင်းက နောက်ဆုံးအကြိမ်ကျင်းပခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်မတိုးနိုင်သေးဘဲ တစ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

    ၁၉၉၅ ခုနှစ်ကတည်းက တပ်မတော်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ မွန်ပြည်သစ်ပါတီတပ်ဖွဲ့များကို ကရင်ပြည်နယ်၌ တပ်ရင်း (၃) ရင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် တပ်ရင်း (၂) ရင်း အခြေစိုက်လှုပ်ရှားခွင့်ရရှိခဲ့သည့်အတွက် အဆိုပါ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့၏ JMC-S တွင် ပါဝင်လိုခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီက ဆိုသည်။



    Photo-မွန်ပြည်နယ် JMC-S အဖွဲ့ဝင်များ(Mon State Police Office)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks