spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစိုက်ပျိုးစရိတ်ချေးငွေအကျိုးဆောင်ခ ကျပ်ငါးထောင်ပေးရသည်ဟုဆိုကာ တိုင်ကြား

    စိုက်ပျိုးစရိတ်ချေးငွေအကျိုးဆောင်ခ ကျပ်ငါးထောင်ပေးရသည်ဟုဆိုကာ တိုင်ကြား

    -

    စန္ဒာဉာဏ် (မော်လမြိုင်၊ ဇူလိုင် ၁ဝ)

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၌ စိုက်ပျိုးစရိတ် ငွေထုတ်ချေးပေးခဲ့ရာတွင် လယ်သမားတစ်ဦးလျှင် ကျေးရွာချေးငွေစိစစ်ရေးအဖွဲ့အား ငွေကျပ် ၅ဝဝဝ ကျပ်နှုန်း ပေးဆောင်ခဲ့ရသည်ဟုဆိုကာ ဇူလိုင် ၈ ရက်နေ့က သက်ဆိုင်ရာသို့ တိုင်ကြားစာပေးပို့ထားကြောင်း ကာယကံရှင်များထံမှ သိရသည်။

    လယ်သမား ၂၁၁ ဦးအပေါ် ယင်းကဲ့သို့ အကျိုးဆောင်ခဆိုပြီး အမြတ်ထုတ်သည်ကို မခံရပ်နိုင်သဖြင့် မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (နေပြည်တော်) ထံသို့ တိုင်ကြားစာပေးပို့ထားကြောင်း နှစ်ကရင်ကျေးရွာမှ လယ်သမား ဦးသိန်းရွှေက ပြောသည်။

    “ကျွန်တော်တို့လယ်သမားတွေကျတော့ အမြဲတမ်းနစ်နာနေတော့ မခံချင်လို့ အဲဒါကိုတိုင်တာ။ လယ်သမားက အမြဲနစ်နေတယ် ဘာမှလည်း မတိုးတက်ဘူး စပါးကလည်းဈေးမကောင်းဘူး။ နောက်အစိုးရငွေဆိုတာ အလကားရတာမဟုတ်ဘူး အတိုးနဲ့ပေးရတာ။ တစ်ယောက်ငါးထောင် တစ်ယောက်ငါးထောင်နဲ့ အယောက် ၂ဝဝ ဆိုတော့ ပိုက်ဆံဆယ်သိန်းဟာ နည်းတဲ့ငွေလား” ဟု ၎င်းက ဆိုသည်။

    တောင်သူလယ်သမားများ၏ ချေးငွေကိစ္စအတွက် ချေးငွေစိစစ်ရေးအဖွဲ့ကို ကျေးရွာအုပ်စုအလိုက် ဖွဲ့စည်းထားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဥက္ကဌ၊ တောင်သူလယ်သမားကိုယ်စားလှယ်ကို အတွင်းရေးမှူး၊ မြေတိုင်းစာရေးနှင့် စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းတစ်ဦးကို အဖွဲ့ဝင်အဖြစ် ခန့်အပ်ထားသည်ဟု သိရသည်။

    “ကျွန်တော်တို့က အားလုံးအခမဲ့နဲ့ပဲ လယ်သမားတွေကို ချေးငွေထုတ်ချေးနေတာပါ။ အဲဒါတွေက လုံးဝခွင့်ပြုထားတဲ့ အနေအထားမျိုးမရှိဘူး။ မြို့နယ်မန်နေဂျာတွေကလည်း အဲလိုမျိုးမလုပ်ဖို့ တားမြစ်ထားပြီးဖြစ်တယ်။ အဲဒီသတင်းကြားရတော့ တော်တော်လေးကို အံ့သြသွားတယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မွန်ပြည်နယ်ဘဏ်ခွဲမန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။

    ထို့အတူ နှစ်ကရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ၎င်းအနေဖြင့် အကျိုးဆောင်ခ လုံးဝကောက်ခံခြင်းမရှိကြောင်း၊ ငွေကြေးကောက်ခံခြင်းမပြုရန် ချေးငွေစိစစ်ရေးအဖွဲ့ကိုလည်း ညွှန်ကြားထားသည်ဟု ဆိုသည်။

    “အရင်နှစ်တွေတုန်းက သူတို့ဘယ်လိုယူထားလဲ ကျွန်တော်မသိဘူး။ ပြီးခဲ့တဲ့နှစ်က စိုက်ဘဏ်က ၃ဝဝဝ ယူတယ်ဆိုပြီး သတင်းကြားတော့ ဒီနှစ်မှာ ကျွန်တော်မပေးကောက်ပါဘူး။ ရွာဥက္ကဌ အနေနဲ့ကတော့ ကျွန်တော်ဘာမှ မယူထားဘူး” ဟု ပြောသည်။

    စိုက်ပျိုးစရိတ်ချေးငွေကို လယ်သမားများကိုယ်တိုင် လာရောက်ထုတ်ယူခိုင်းပြီး အခကြေးငွေလုံးဝကောက်ခံခြင်းမရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရေးမြို့နယ်ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    မွန်ပြည်နယ်တွင် ယခုနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလဆန်းမှ သြဂုတ်လကုန်အထိ ထုတ်ချေးပေးလျက်ရှိရာ ရေးမြို့နယ်တွင် ယနေ့အထိ တောင်သူ ၁၅ဝဝ ကျော်အား ချေးငွေ ကျပ်သိန်းပေါင်း ၁၃,ဝဝဝ ကျော် ထုတ်ချေးပေးခဲ့သည်ဟု ယင်းဘဏ်ခွဲထံမှ သိရသည်။

    Photo-တိုင်ကြားစာ(မိတ္တူ)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks