spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် ကရင့်အာဇာနည်နေ့ကို အာဏာပိုင်များကန့်သတ်တားမြစ်မှုရှိ

    ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် ကရင့်အာဇာနည်နေ့ကို အာဏာပိုင်များကန့်သတ်တားမြစ်မှုရှိ

    -

    (၆၈) နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားများကို မွန်နှင့် ကရင်ပြည်နယ်တို့တွင် ကောင်းမွန်စွာကျင်းပနိုင်ခဲ့သော်လည်း ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သက်ဆိုင်ရာဒေသအာဏာပိုင်များ ကန့်သတ်တားမြစ်မှုများရှိခဲ့ကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဇူလိုင်လ ၁၂ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ဝင်းရေးမြို့နယ် ဦးစီးကျင်းပသည့် ကရင့်အာဇာနည်နေ့အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၊ အစိုးရဌာနဆိုင်ရာအချို့၊ မွန်ပြည်သစ်ပါတီ၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များ၊ ကရင်ငြိမ်းချမ်းရေးအဖွဲ့နှင့် ဒေသခံများစုစုပေါင်း ၂ဝဝ ဦးကျော် တက်ရောက်ခဲ့ကြသည်။

    အခမ်းအနားကျင်းပရေး တာဝန်ခံ KNU ဝင်းရေးမြို့နယ် စည်းရုံးရေးမှူး စောအယ်ဒါးက “ကိုယ့်အမျိုးသားခေါင်းဆောင်ရဲ့ ဖြတ်သန်းလာခဲ့တဲ့ နိုင်ငံရေးကြိုးစားဆောင်ရွက်မှုတွေကို သိရှိစေဖို့ တစ်ပိုင်းပါတယ်၊ နောက်တစ်ပိုင်းကတော့ ကျနော်တို့ ကရင်လူမျိုးတွေဟာ မြန်မာပြည်မှာ တကယ့်ကိုငြိမ်းချမ်းရေးလိုချင်တာ အစစ်အမှန်ဖြစ်ကြောင်းကို ပြသပေးချင်တာလည်း အဓိကတစ်ချက်ပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါ အခမ်းအနားကို နံနက် ရ နာရီမှ ၁၁ နာရီအထိပြုလုပ်ခဲ့ရာ ကရင့်အာဇာနည်ခေါင်းဆောင်များအား လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ ကရင့်အာဇာနည် ပုဂ္ဂိုလ်များအကြောင်း ဟောပြောခြင်း၊ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မေးမြန်းဖြေကြားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

    (၆၈)နှစ်မြောက် ကရင့်အာဇာနည်နေ့တွင် စောဘဦးကြီး မွေးဖွားရာ ကန်ကြီးထောင့်မြို့နယ်၊ ဘဲဂရက်ကြီးကျေးရွာသို့ ကရင်လူငယ်များ လွမ်းသူပန်းခွေချ၊ အလေးပြုခဲ့စဉ်(Facebook)

    သို့ရာတွင် သက်ဆိုင်ရာမှကန့်သတ်တားမြစ်လာမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ စိန့်ပီတာ စိန်ပေါလ်ဘုရားကျောင်းတွင် ဟောပြောပွဲမပါဘဲ ကရင့်အာဇာနည့်အခမ်းအနားကို ကျင်းပခဲ့ရ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် သြဂုတ်လ ၁၂ ရက်နေ့က ကရင်အာဇာနည်နေ့ပွဲကျင်းပနေစဉ် ဒေသခံအာဏာပိုင်များမှ လာရောက် ဟန့်တားနှောင့်ယှက်ခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် ဗဒိုမန်းငြိမ်းမောင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဗဒိုမန်းငြိမ်းမောင်က “လူမျိုးတစ်မျိုးရဲ့ အထွတ်အမြတ်ထားတဲ့ တန်ဖိုးထားတဲ့ နေ့ထူးနေ့မြတ်ကို ပိတ်ပင်ဟန့်တားတာ အင်မတန်မှ အမျှော်အမြင် မကြီးရာကျတယ် အင်မတန်မှ တင်းမာတဲ့ သဘောထားဖြစ်တယ်၊ ဒီသတင်းတွေဟာ အခုကျနော်တို့ပြောလိုက်လို့ရှိရင် ကရင်တစ်မျိုးသားလုံးက ကြားတယ်၊ ကျန်တဲ့တိုင်းရင်းသားတွေလည်း ကြားတယ်၊ အဲဒီတော့ ကျနော်တို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နေတဲ့ ဒီလိုအရေးကြီးတဲ့ကာလမှာ ဒီလိုပြုမူဆောင်ရွက်မှုဟာ အင်မတန်မှ မလျော်ကန်တဲ့ကိစ္စဖြစ်တယ်၊ တနည်းအားဖြင့် အင်မတန်ရိုင်းစိုင်းတဲ့လုပ်ရပ်ဖြစ်တယ်၊ ဒါကို ကျနော်တို့အလေးအနက်ထားပြီး ပြောချင်တယ်” ဟု ဆိုသည်။

    ထို့သို့ ခွင့်ပြုချက်မရဘဲ ဟင်္သာတမြို့တွင် ကရင့်အာဇာနည်နေ့ကျင်းပခဲ့သည်ဆိုသဖြင့် ဗဒိုမန်းငြိမ်းမောင်အပါအဝင် ဒေသခံပွဲစီစဉ်သူငါးဦးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိသည်။

    ကရင့်သတင်းစဉ် KIC သတင်းဌာန အယ်ဒီတာချုပ် နန်းဖောဂေက “ဧရာဝတီတိုင်းမှာလုပ်တဲ့ပွဲကို မတားဆီး မပိတ်ပင်ပေမယ့် ဘာမှမပြောဘဲနဲ့ ဒီအတိုင်းလွှတ်ထားပြီးတော့ ခုဒီပွဲပြီးတဲ့အခါကျတော့ ဦးဆောင်သူတွေကို တရားစွဲမယ်ဆိုတာမျိုး ကြားရတာပေါ့နော်၊ ဒါပေမယ့် ကြာအင်းဆိပ်ကြီးမှာလည်း သူ့ဟာနဲ့သူ လုပ်ဆောင်လို့ ပြီးသွားတယ်၊ KNU ထိန်းချုပ်နယ်မြေဆိုရင်လည်း တားဆီးလို့မရဘူးလေ ကောင်းကောင်းမွန်မွန် ပြီးသွားတာပေါ့နော်၊ မြို့ပြနေရာမှာတော့ ပြီးသွားပေမယ့်လည်း နောက်ဆက်တွဲကတော့ ပွဲပြီးတော့ အေးအေးဆေးဆေး ဖြစ်မနေသေးဘူးလို့ ပြောလို့ရတာပေါ့” ဟု ဆိုသည်။

    ၁၉၅၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်တွင် ထို့ကော်ကိုးကျေးရွာအနီး တပ်မတော်စစ်ကြောင်းပစ်ခတ်မှုကြောင့် KNU ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် အဖွဲ့ ကျဆုံးသောနေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့ အဖြစ် ကရင်တိုင်းရင်းသားတို့ သတ်မှတ်ကျင်းပခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts