Saturday, March 14, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုမူတစ်ချက်မျှမပါရှိဟု KNU Concerned Group သုံးသပ်

    ငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုမူတစ်ချက်မျှမပါရှိဟု KNU Concerned Group သုံးသပ်

    -

    မကြာမီက ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) မှ ရရှိလာသော သဘောတူညီချက် ၁၄ ချက်တွင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန်မူဝါဒ တစ်ချက်မျှမပါရှိကြောင်း KNU Concerned Group က သုံးသပ်လိုက်သည်။

    KNU Concerned Group ပြောခွင့်ရပုဂ္ဂိုလ် KNU ဒုဥက္ကဌဟောင်း နော်စီဖိုးရာစိန်က “ညီလာခံမှာ ထွက်လာတဲ့ရလဒ်ကတော့ နိုင်ငံရေးဆိုင်ရာကိစ္စ တစ်ခုမှမပါဘူး၊ ထွက်လာတဲ့အဖြေဆိုရင်လည်း တိုင်းရင်းသားတွေအတွက် ဘာမှအာမခံချက်မရှိဘူး၊ နိုင်ငံရေးအဖြေထွက်မလာတာဟာ စစ်တပ်ကခွင့်မပြုတဲ့အပေါ် ဆွေးနွေးခွင့်မရဘဲ ဖြစ်နေတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    KNU Concerned Group ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားသုံးသပ်ခြင်း အမှတ်စဉ်(၃)-(Copy)

    ထို့အတူ နိုင်ငံရေးကဏ္ဍ၌ ကျားမတန်းတူရေး၊ အမျိုးသမီးပါဝင်ရေး ဆွေးနွေးခဲ့သော်လည်း “ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃၀% ပါဝင်ရေးကို အားပေးရန်” ဆိုသည့်ဆုံးဖြတ်ချက်သည်လည်း အာမခံချက်မရှိကြောင်း ၄င်းက ဆက်ပြောသည်။

    ၄င်းက “ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေမျှော်မှန်းနေတယ်၊ တိုင်းရင်းသားတွေလိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြောင်းလဲပြင်ဆင်ရေးကို စစ်တပ်က လုံးဝလက်ခံမှာမဟုတ်ဘူး၊ လမ်းဖွင့်ပေးမှာမဟုတ်ဘူး၊ အရင်က ထပ်ခါတလဲလဲပြောခဲ့တာရှိတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က အသက်နဲ့လဲပြီးကာကွယ်မယ်၊ အဲဒီဟာက ရှင်းနေတာပဲ” ဟု ဆိုသည်။

    ထို့ပြင် KNU Concerned Group က ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား သုံးသပ်ခြင်း အမှတ်စဉ်(၃) ၂၀၁၈ ဇူလိုင်လကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ညီလာခံအဖွင့်မိန့်ခွန်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အဟန့်အတားဖြစ်စေသည်ဟု သုံးသပ်ထားသည်။

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဗညားအောင်မိုးက “နိုင်ငံရေးဆွေးနွေးပွဲကျင်းပတာဟာ အခုဆိုရင် အစပိုင်းလောက်ပဲ ရှိသေးတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အစုံအလင် မပါဝင်သေးဘူး၊ တကယ့်ပင်လုံရဲ့အနှစ်သာရလည်းပြည့်ဝရအောင်၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း အောင်မြင်စေဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်ဖို့လိုတယ်” ဟု ဆိုသည်။

    အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အင်အား အများဆုံးဖြစ်သည့် ဝ UWSAနှင့် ကချင် KIO ဦးဆောင်သော မြောက်ပိုင်း(ရ) ဖွဲ့ပါဝင်လာနိုင်ရန် ညီလာခံတွင် ဆွေးနွေးမည့်အကြောင်းအရာများကို အရင်စလိုမပြုလုပ်ဘဲ အချိန်ပေးစောင့်ဆိုင်းသင့်ကြောင်း ၄င်းကယူဆသည်။

    သို့ရာတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံရမည့် အဓိကမူများကို အစိုးရနှင့် တပ်မတော်အကြီးအကဲများထံ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်းရေး အဖွဲ့အစည်းများ တင်ပြထားပြီဖြစ်သည့်အတွက် လက်ခံသည့်အချက်နှင့် လက်မခံသည့်အချက်များကို အပြုသဘောဆောင်ဆွေးနွေးနိုင်ပါက တစ်ကြိမ်တည်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပြီးပြတ်နိုင်ကြောင်း ညီလာခံကျင်းပသည့်နေ့ရက်များတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks