spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းစစ်မှန်သောနိုင်ငံရေးတည်ဆောက်ရန် အားလုံးပါဝင်ရေး ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ပြောကြား

    စစ်မှန်သောနိုင်ငံရေးတည်ဆောက်ရန် အားလုံးပါဝင်ရေး ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ပြောကြား

    -

    စစ်မှန်သော နိုင်ငံရေးတည်ဆောက်ရန်အတွက် အားလုံးပါဝင်ကြရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ Peace Process Steering Team-PPST ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဆန္ဒပြုပြောကြားလိုက်သည်။

    နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ NCA-S EAO ရုံးဖွင့်ပွဲအခမ်းအနား၌ KNU ဥက္ကဋ္ဌ အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

    KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး မိန့်ခွန်းပြောကြားစဉ်(MNA)
    “NCA ရဲ့ အောင်မြင်သော အကောင်အထည်ဖော်မှုကနေ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်တဲ့ ငြိမ်းချမ်းတဲ့ လူဘောင်သစ်ကို စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်နဲ့အညီ တည်ဆောက်ကြတဲ့နေရာမှာ အားလုံးအတူအတွ ပါဝင်ကြပါလို့ ဆန္ဒပြုလိုက်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

    အဆိုပါ NCA-S EAOရုံးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးအနီးရှိ အမှတ်(၆) အဆောက်အအုံတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး EAOs များ၏ ငြိမ်းချမ်းရေးသံဓိဋ္ဌာန်ကို ထပ်မံဖော်ထုတ်နိုင်ခြင်းဖြစ်သလို ငြိမ်းချမ်းရေးခရီးရှည်ကြီးအတွက် နောက်ထပ် အထင်ကရ မှတ်တိုင်တစ်ခု စိုက်ထူခြင်းလည်း ဖြစ်သည်ဟု စောမူတူးစေဖိုးက ပြောသည်။

    “အထူးသဖြင့် ဒီရုံးဟာ ကျွန်တော်တို့ NRPC နဲ့ ကပ်လျက်မှာ ဖွင့်ထားနိုင်ခြင်းသည် ကျွန်တော်တို့သွားရမယ့် ဒီလမ်းအရှည်ကြီးကို တစ်စိတ်တစ်ဒေသအားဖြင့်တော့ တိုတောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။

    သို့ရာတွင် ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့် NCA-S EAO ရုံးဖွင့်ပွဲအခမ်းအနားအစီအစဉ်တွင် အဖွင့်အမှာစကားပြောကြားရန် ပါရှိသော်လည်း တက်ရောက်လာခြင်းမရှိပေ။

    အဆိုပါ ရုံးဖွင့်ပွဲတွင် PPST ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်မှ အကြံ ပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ အလှူရှင်များကိုယ်စား အီးယူ-မြန်မာ ဖွံ့ဖြိုးမှုဆိုင်ရာပူးပေါင်းဆိုင်ရာ အကြီးအကဲ Mr.Johann Hesse နှင့် PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာ ယက ဗိုလ်မှူးကြီးခွန်ဥက္ကာတို့မှ အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။

    အခမ်းအနားအပြီးတွင် NCA-S EAO များက ဒီမိ်ုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် မျှော် မှန်းလျက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အရှိန်အဟုန်မြင့်မားလာအောင် ဆောင်ရွက်မည်ဟု ပါရှိသော ထုတ်ပြန်ချက်တစ်စောင်ကို NCA-S EAO ရုံးမှ နော်အဲ့ထူးဟဲက ဖတ်ကြား ထုတ်ပြန်ခဲ့ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကက သတင်းမီဒီယာများကို သတင်းစာရှင်းလင်းခဲ့သည်။

    သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီအကျိုးပြုကရင့်လက်နက်ကိုင်အဖွဲ့(DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့ ၈ ဖွဲ့ NCA-S EAO တို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts