Saturday, March 14, 2026
More
    spot_img
    Homeသတင်းUNFC အဆိုပြုချက် ၈ ချက်ကို နည်းလမ်းပေါင်းစုံဖြင့်ကျော်လွှားရန်အချိန်တန်ပြီဟု ခူဦးရယ်ပြော

    UNFC အဆိုပြုချက် ၈ ချက်ကို နည်းလမ်းပေါင်းစုံဖြင့်ကျော်လွှားရန်အချိန်တန်ပြီဟု ခူဦးရယ်ပြော

    -

    ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အဆိုပြုထားသော အချက် ၈ ချက်ကို နည်းလမ်းပေါင်းစုံဖြင့် ကျော်လွှားရန် အချိန်တန်ပြီဟု ခူဦးရယ်က ယနေ့အောက်တိုဘာ ၂၃ ရက်နေ့တွင် ပြောဆိုလိုက်သည်။

    အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ ငြိမ်းချမ်းရေးကော်မရှင် PC နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့၏ (၇) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ရာ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြောဆိုခြင်း ဖြစ်သည်။

    NRPC ၌ ငြိမ်းချမ်းရေးကော်မရှင် PC နှင့် DPN တို့၏ (၇) ကြိမ်မြောက်အစည်းအဝေး(MNA)
    ”ကျွန်တော်တို့ အဆိုပြုထားတဲ့ ဒီ ၈ ချက်ကို နည်းလမ်းပေါင်းစုံနဲ့ ကျော်လွှားဖို့ အချိန်တန်ပြီလို့ ကျွန်တော်တို့ နားလည်ပါတယ်”ဟု ခူဦးရယ်က ပြောသည်။

    UNFC အနေဖြင့် ငြိမ်းချမ်းရေးကော်မရှင်ကို အဆိုပြုချက် ၈ ချက် တင်ပြထားပြီး ဆွေးနွေးညှိနှိုင်းနေ သည်မှာ ၁၅ လ ကျော်လာပြီဖြစ်သော်လည်း အချက် ၈ ချက်လုံးအတွက် ညှိနှိုင်းနေရဆဲ ဖြစ်သည်။

    ထို့ကြောင့် ခူဦးရယ်က တွေ့ဆုံဆွေးနွေးခြင်း ယဉ်ကျေးမှုမှာ တစ်ဖက်နှင့်တစ်ဖက် နည်းနာပိုင်းတွင် လွဲချော်နေသလား၊ အားနည်းခဲ့သလား ဟု မေးခွန်းထုတ်ခဲ့သည်။

    ”နိုင်ငံသူ နိုင်ငံသားများ မျှော်လင့်တမ်းတနေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးရဲ့ ငြိမ်းချမ်းရေး ရရှိရန် အလို့ငှာ ခြေလှမ်းအစရှိတဲ့ မုဒ်ဦးထဲကို ကျွန်တော်တို့ UNFC အဖွဲ့များ ပါဝင်လာနိုင်ဖို့အတွက် အောင်မြင်သော ဆွေးနွေးပွဲကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောသည်။

    ယခုအစည်းအဝေးတွင် UNFC မှ အဆိုပြုထားသည့် အချက် ၈ ချက်ကို ဆွေးနွေးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးရေးအတွက်ကို လည်း ဆွေးနွေးသွားမည်ဟု သိရသည်။

    ယခုအစည်းအဝေးသို့ ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော်နှင့် ဒုတိယဗိုလ်ချူပ်ကြီး ရာပြည့် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့များတက်ရောက်လျက်ရှိပြီး နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ရေး ကိုယ်စားလှယ်အဖွဲ့ DPN ဘက်မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ်၊ ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးနှင့် အဖွဲ့ဝင်များ တက်ရောက်လျက်ရှိသည်။ အစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

    ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ရခိုင်အမျိုးသားကောင်စီ ANC နှင့် လားဟူဒီမိုကရက် တစ်အစည်းအရုံး LDU အဖွဲ့တို့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks