မွန်ပြည်နယ်အတွင်း မုတ္တမပင်လယ်ကွေ့နှင့် သံလွင်မြစ်ကြောင်းအတွင်း ခုတ်မောင်းသွားလာနေသော သင်္ဘောများကို ပတ်ဝန်းကျင်ထိခိုက်ဆိုင်ရာ စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။
သံလွင်မြစ်ကြောင်းအတွင်း သွားလာနေသော သင်္ဘောများ အထူးသဖြင့် ရေနံတင်သင်္ဘောများနှင့် ကျောက်မီးသွေးတင်သင်္ဘောများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှု အန္တရာယ်မဖြစ်ပေါ်အောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
“အခု သွားလာနေတဲ့သင်္ဘောတွေ ကျောက်မီးသွေးတင်လိုက် ဘာတင်လိုက်နဲ့ ကျနော်တို့ မသိနိုင်ဘူးလေ၊ ဒီသင်္ဘောတွေ ပတ်ဝန်းကျင်ထိခိုက်မှုစမ်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်နေကြလား ဥပမာ ဆီတင်တဲ့သင်္ဘောဆိုရင် ဘယ်လိုဖြတ်နေလဲ ဘယ်ကိုပို့နေလဲ ဆီဘယ်လောက်ပါလဲ ဆီယိုဖိတ်မှုမရှိအောင် ဘယ်လိုလုပ်ထားလဲ စသဖြင့် ကျောက်မီးသွေးတင်ရင်လဲ ဒီလိုပဲ လွင့်စင်မှုရှိလား ဘယ်လိုဖုံးထားလဲ” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သက်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင်ထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း ၄င်းတို့ထံမှ ဝင်ထွက်လာနေသည့်သင်္ဘောအရေအတွက် သွားလာနေသည့်အခြေအနေ အချက်အလက်များရရှိပါက စစ်ဆေးမှုကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
ဆိပ်ကမ်းအာဏာပိုင်အနေဖြင့်လည်း စစ်ဆေးမှုပြုလုပ်နိုင်ရန် သံလွင်မြစ်ကြောင်းသွားသင်္ဘောများပို့ဆောင်ရေး လုပ်ငန်းရှင်များထံ အောက်တိုဘာ ၉ ရက်နေ့က အကြောင်းကြားထားပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်နယ်ဆိပ်ကမ်းအရာရှိချုပ် ဦးဇေယျက ပြောသည်။
ကွင်းဆင်းစစ်ဆေးမှုကို မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီနှင့် ဆက်စပ်ဌာနများပါဝင်သောအဖွဲ့တို့က ပြုလုပ်သွားမည်ဖြစ်သည်။
သံလွင်မြစ်ကြောင်းအတွင်း သွားလာနေသော သင်္ဘောများ အထူးသဖြင့် ရေနံတင်သင်္ဘောနှင့် ကျောက်မီးသွေးတင်သင်္ဘောများအနေဖြင့် မြစ်ကြောင်းအခြေအနေပြောင်းလဲမှုကြောင့် မတော်တဆတိမ်းမှောက်၍လည်းကောင်း မြစ်ကူးတံတားကြီး ၂ စင်းအောက် ဖြတ်သန်းသွားရာတွင် မတော်တဆဖြစ်၍လည်းကောင်း မမျှော်မှန်းနိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ညစ်ညမ်းမှု အန္တရာယ်ဖြစ်ပေါ်နိုင်သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောသည်။
သံလွင်မြစ်ကြောင်းအတွင်းတွင် တစ်နေ့လျှင် သင်္ဘော အစီး ၂၀ ကျော် ဖြတ်သန်းသွားလာနေသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။