Saturday, March 14, 2026
More
    spot_img
    Homeသတင်းပြည်နယ်အစိုးရအစီရင်ခံစာနှင့် တိုင်းရင်းစာပေသင်ကြားမှုအခြေအနေကွဲလွှဲမှုတွေ့ရှိ

    ပြည်နယ်အစိုးရအစီရင်ခံစာနှင့် တိုင်းရင်းစာပေသင်ကြားမှုအခြေအနေကွဲလွှဲမှုတွေ့ရှိ

    -

    ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းကျင်းပပြီးစီးခဲ့သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၌ ပြည်နယ်အစိုးရအဖွဲ့ဆောင်ရွက်ပြီးစီးကြောင်း လွှတ်တော်သို့တင်သွင်းသော အစီရင်ခံစာနှင့် အစိုးရစာသင်ကျောင်းများအတွင်း တိုင်းရင်းသားဘာသာ စာပေသင်ကြားမှုအခြေအနေ ကွဲလွဲမှုတွေ့ရှိရကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းအောင်မှ သိရသည်။

    “အစိုးရဘက်ကအစီရင်ခံစာတင်လာပြီးတော့ ကျွန်တော်တို့ကော်မတီအဖွဲ့တွေ ကွင်းဆင်းကြည့်တယ်၊ အဲ့မှာ အစီရင်ခံစာမှာပါတဲ့အချက်တွေနဲ့ မြေပြင်မှာ ဖြစ်နေတာနဲ့က အကြီးအကျယ်ကွဲလွဲနေတာတွေ့ရတယ်၊ ဘီးလူးကျွန်းဘက်ကိုပဲ ကွင်းဆင်းလေ့လာရသေးတယ် အဲ့မှာ မွန်စာသင်လို့မရအောင် အကြပ်ကိုင်ထားတယ်၊ ဘယ်သူလဲပြောရင် ကျွန်တော့်အထင်ဆို ပညာရေးဋ္ဌာနနဲ့ပဲဆိုင်နေတယ်” ဟု ဦးထွန်းမင်းအောင်က ပြောသည်။

    တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းအောင်(MNA)
    ထိုသို့ အစိုးရဘက်မှ အကောင်ထည်ဖော်ဆောင်ရွက်မှုအပိုင်းများ အားနည်းနေသည့်အပေါ် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ ပြည်ထောင်စုဝန်ကြီးဋ္ဌာနသို့ စာပေးပို့သွားရန် စီစဉ်လျက်ရှိကြောင်း၊ နောင်လာမည့် လွှတ်တော်အစည်းအဝေး၌လည်း မေးခွန်းမေးမြန်းသွားရန် ရှိကြောင်း ဦးထွန်းမင်းအောင်က ဆက်ပြောသည်။

    “မွန်စာမသင်ဖြစ်အောင် ကျောင်းအုပ်ကနေပြီးတော့ နည်းလမ်းအမျိုးမျိုးလုပ်နေတာလည်းရှိတယ်၊ ဆရာ/ဆရာမ အတော်များများက ဒီစာပေသင်ကြားရေးကိစ္စတွေကို ဆောင်ရွက်ပေးဖို့က စေတနာမရှိကြဘူး၊ အားလုံးတော့မဟုတ်ပါဘူး၊ ဘာဖြစ်ဖြစ် လွှတ်တော်မှာအတည်ပြုထားတဲ့အဆိုကို အစိုးရဘက်က အကောင်ထည်ဖော်ပေးမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတယ်” ဟု မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအဖွဲ့ဝင် နိုင်မွန်ရာဇာ ကပြောသည်။

    ဘီးလူးကျွန်း-ချောင်းဆုံမြို့နယ်သို့ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ ကွင်းဆင်းလေ့လာချက်အရ ပြီးခဲ့သည့်ပညာသင်နှစ် (၂၀၁၅-၁၆) ခုနှစ်၌ ပြည်ထောင်စုအစိုးရမှ တိုင်းရင်းစာပေသူကြားသူဆရာ/ဆရာမတစ်ဦးအတွက် တစ်လ (၃၀ဝ၀ဝ) ကျပ် ထောက်ပံ့ငွေချီးမြှင့် ပေးသည်ဟုဆိုသော်လည်း အချို့သော မွန်စာပေသင်ကြားသောနေဆရာ/ဆရာမများသည် တစ်လ (၁၀ဝ၀ဝ) ကျပ်သာရရှိခဲ့ကြောင်း၊ မွန်စာပေသင်ကြားမှုမရှိစေရန် အမျိုးမျိုးသောနည်းလမ်းနှင့် ပြုလုပ်ခဲ့၍ အချို့စာသင်ကျောင်း၌ မွန်စာပေမသင်ဖြစ်တော့ကြောင်း သိရသည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂ နှင့် ပုဒ်မ ၃၅၄ အရ တိုင်းရင်းသားစာပေသင်ကြားနိုင်ခွင့် ပြဋ္ဌာန်းထားကြောင်း၊ အဆိုပါမိခင်ဘာသာစာပေကို (၂၀၁၃-၁၄) ပညာသင်နှစ်မှစ၍ အစိုးရကျောင်းတို့၌ သင်ကြားခွင့်ပြုထားကြောင်း၊ အစိုးရသစ်လက်ထက် ဇွန်လအတွင်းကျင်းပခဲ့သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆) တွင် “တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စရပ်များ ထိရောက်အောင်မြင်စေရေးအတွက် တိုက်တွန်းကြောင်း အဆို (၁၁)ချက်” အတည်ပြုခဲ့ကြောင်း သိရသည်။

    အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လပတ်အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားသည့် အချက်အလက်အများစုတွင် လွဲချော်မှုရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များမှ သုံးသပ်ထားသဖြင့် ၄င်းအစီရင်ခံစာကို စီစစ်ပြင်ဆင်ရေးဆွဲပြီး ပြန်လည်တင်ပြပေးရန် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပသည့် ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ချမှတ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks