spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းနယ်မြေတည်ငြိမ်အေးချမ်းရေး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ KNU တို့ဆွေးနွေးကြမည်

    နယ်မြေတည်ငြိမ်အေးချမ်းရေး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ KNU တို့ဆွေးနွေးကြမည်

    -

    တနင်္သာရီတိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ထိတွေ့ပစ်ခတ်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ဇန်နဝါရီ ၂၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်အမျိုးသားအစည်းအရုံး KNU တို့တွေ့ဆုံ ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

    တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ထားဝယ်မြို့တွင် ပြုလုပ်မည့် အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီနှင့် ကေအန်ယူအဖွဲ့တို့၏ ခရိုင်အဆင့်တာဝန်ရှိသူများ တက်ရောက်ကြမည်ဟု ဆိုသည်။

    NMSP ထားဝယ်ခရိုင်ထုတ်ပြန်ချက်(Copy)

    KNU ကရင်အမျိုးသား အစည်းအရုံး ဘိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုစောဝင်းခိုင်က “ဖိတ် ကြားတာက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖြစ်တယ်၊ အဓိကကတော့ လက်ရှိ ဖြစ်ပွါးနေတဲ့ပဋိပက္ခ၊ နယ်မြေ အေးချမ်းရေးကိစ္စတို့ကိုပဲ နှစ်ဖက်ခေါင်ဆောင်တွေက ဆွေးနွေးကြမှာပါ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ရေဖြူမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီနှင့် KNU တပ်ဖွဲ့တို့သည် နယ်မြေအငြင်းပွါးမှုကြောင့်၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ (၄) ကြိမ်ထက်မနည်း နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိတွေ့ပစ်ခတ်မှု ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြသည်။

    ဘဝတူ မဟာမိတ်အချင်းချင်း သင့်မြတ်စွာနေထိုင်ရေး၊ သမိုင်း၏ ခါးသီးသောအတွေ့အကြုံအပေါ် သင်ခန်းစာ ယူပြီး ပဋိပက္ခများ နောက်ထပ်မကျယ်ပြန့်သွားရေးအတွက် နှစ်ဦးနှစ်ဖက် တွေ့ဆုံဖြေရှင်းသည့် နည်းလမ်းဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်က ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် နေ့စွဲဖြင့် ကြေငြာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။

    မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌ နိုင်အေက က“ကျွန်တော်တို့အချင်းချင်းကြား ဒီလိုပဲ တိုက်ပွဲတွေ ပစ်ခတ် မှုတွေ ဆက်ဖြစ်နေကြရင် အခြေအနေက ပိုဆိုးလာဖို့ပဲရှိတယ်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြာ သဘောထား ကွဲလွဲနေ တာတွေ၊ တစ်ဆို့နေတဲ့ကိစ္စတွေ ရှိပါတယ်၊ ဒါပေမဲ့ နှစ်ဦးနှစ်ဖက်က ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းသွားကြမယ်ဆိုရင် အားလုံးအဆင်ပြေ သွားမယ်လို့ ယူဆတယ်” ဟု မွန်သတင်းအေ ဂျင်စီသို့ ပြောကြားသည်။

    တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မွန်ပြည်သစ်ပါတီနှင့် KNU တို့၏ ခရိုင်အဆင့်တာဝန်ရှိသူများ ပါဝင် တက်ရောက်ဆွေးနွေးညှိနှိုင်းမည့် အစည်းအဝေးတွင် အဖြေတစ်စုံတစ်ခု ထွက်ပေါ်နိုင်ကြောင်း ၄င်းက ဆက် ပြောသည်။

    ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းကလည်း မွန်ပြည်သစ်ပါတီနှင့် ကေအဲန်ယူတို့၏ ခရိုင်အဆင့် နှစ်ဖက်တာဝန်ရှိသူများ ရေဖြူမြို့နယ် ရာဖူးကျေးရွာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရေဖြူမြို့နယ်ရှိ လက်အောက်ခံ တပ်ဖွဲ့များအကြား စစ်ရေးပဋိပက္ခ ထပ်မံမဖြစ်ပွါးရေးအတွက် နယ်မြေတာဝန်ခံ (၃) ဦးစီပါဝင်သည့် ဆက်သွယ် ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။

    အဆိုပါ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာများသည် ၂၀၁၂ ခုနှစ် အစိုးရနှင့်ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးသဘောတူညီမှုလက်မှတ်ရေးထိုးရာတွင် မွန်ပြည်သစ်ပါတီတပ်တည်နေရာအဖြစ် တပ်မတော်က သဘောတူခွင့်ပြုထားသည့် ရေဖြုမြို့နယ်၊ ကင်းချောင်းဖျားဒေသဖြစ်သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts