မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုထားသော အဆို၊ မေးခွန်းအချို့အား ဥပဒေကို ကျော်လွန်ပြီး အကောင်ထည်ဖော်ဆောင်ရွက်ရန် အခက်ခဲရှိနေသည်ဟု ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် စတင်ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေး၌ မွန်ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က “လွှတ်တော်မှ အတည်ပြုခဲ့သည့် တချို့အဆိုများသည် အကောင်အ ထည်ဖော်ဆောင်ရွက်ရန် ခက်ခဲသောအဆို ရှိသကဲ့သို့ တချို့အဆိုများသည်လည်း လွှတ်တော်မှပြဌာန်းခဲ့သည့် ဥပဒေများအားလွှမ်မိုးလျက်ရှိကြောင်း တွေ့ရှိရသဖြင့် ဥပဒေကိုကျော်လွန်ပြီး အကောင်ထည်ဖော်ဆောင်ရွက်၍ မရသည့်အခြေအနေကို တွေ့ရှိရပါတယ်” ဟု ပြောဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိစ္စတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းပြီး တစ်ဦးက မေးခွန်းထပ်မေးခြင်း၊ တချို့အဆိုများသည် မေးခွန်းအဖြစ်သာ ပြင်ဆင်မေးမြန်းသင့်ကြောင်း ဦးမင်းမင်းဦး ဆက်လက်ပြောကြားသည်။
သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးအောင်ကျော်သူက “အဆို၊ မေးခွန်းများတင်သွင်းရာမှာ ပြည်နယ်အစိုးရုံးကို ကြိုတင်ပေးပို့ထားပြီးဖြစ်ပါတယ်။ ဥပဒေနဲ့မညီရင် ပယ်ချလို့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ လွှတ်တော်ထဲ ရောက်မှ ဥပဒေနဲ့မညီတဲ့ ကိစ္စကို လက်ခံနိုင်စရာအကြောင်းမရှိ” ဟု ဆိုသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေး ၃ ကြိမ်တိုင်ပြုလုပ်ခဲ့ရာတွင် အဆို ၁၉ ခု အတည်ပြုခဲ့ပြီး လွှတ်တော်ကိုယ် စားလှယ်များမှ မေးခွန်း ၆၆ ခု မေးမြန်ခဲ့သည်ဟု သိရသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တွင် ပြည်သူတွေရွေးကောက်တင်မြှောက်ခဲ့သည့် လွှတ်တော်ကိုယ်စား လှယ် ၂၀ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၈ ဦး၊ ဥပဒေချုပ် ၁ ဦး၊ တရားသူကြီးချုပ် ၁ ဦးနှင့် စားရင်းစစ် ချုပ်တစ်ဦးတို့ပါဝင်သည့် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေးကို ကျင်းပလျက်ရှိသည်။
ယခုကျင်းပလျက်ရှိသည့် မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်၊ စတုတ္ထပုံမှန်အစည်းအဝေးကို ၅ ရက်ခန့်ကျင်းပ သွားမည်ဟုသိရပြီး အဆို ၃ ခု၊ မေးခွန်း ၂၀ ကျော်ခန့်အပြင် ဆားလုပ်ငန်းဥပဒေမူကြမ်းကို ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။